ဖားကန့် ၂၄ ဧပြီ

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဧပြီ ၂၃ နှင့် ၂၄ ရက် နှစ်ရက်အတွင်း ကျောက်စိမ်း လုပ်ကွက်များ၏ နွံကန် ပေါက်ကျမှုနှင့် မြေစာပုံပြိုကျမှုတို့ကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ ၅၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ည ၈နာရီခွဲခန့်တွင် ဖားကန့်မြို့၏ အနောက်မြောက်ဘက် လေးမိုင်ခန့်အကွာ မော်မောင်းလယန်ကျေးရွာအနီး မော်မောင်းအကျိုးတူ လုပ်ကွက်ရှိ ကချင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ(KNDCP)ဝင်း အတွင်းသို့ အလျားပေ ၁၅၀ ကျော်၊ အနံပေ ၁၀ဝ ကျော်၊ အမြင့်ပေ ၆၀ ခန့်ရှိ မြေစာပုံလျှောကျမှုဖြစ်ပေါ်ခဲ့၍ ဦးအောင်တင့်(၄၀)နှစ်မှာ နေရာတွင် သေဆုံးခဲ့ပြီး ဦးမဲလှအောင်(၂၄)နှစ်မှာ မြေစာများ ဖုံးအုပ်ပျောက်ဆုံးခဲ့ကာ ဘက်ဟိုးယာဉ်နှစ်စီး၊ မြေသယ်ယာဉ်နှစ်စီး မြေစာများနှင့်အတူ လျှောကျခဲ့သည်။

 

ထို့အတူ ယနေ့နံနက် ၄ နာရီခန့်ကလည်း  ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမြောက်ဘက် ခုနစ်မိုင်ခန့်အကွာ ကထန်ကျေးရွာအနီးရှိ ဝမ်းဘရားသားကုမ္ပဏီ(နိုင်ငံတော်နှင့်အကျိုးတူ)အတွင်းသို့ အမြင့်ပေ ၈၀ ခန့်ရှိ မြေစာများပြိုကျမှုဖြစ်ပေါ်ခဲ့၍ ယာဉ်နှစ်စီး မြေစာများဖုံးလွှမ်းခဲ့သည်။

 

1

 

အဆိုပါမြေစာများသည် လုပ်ကွက်အတွင်း လုပ်ငန်းဆောင်ရွက်နေသည့် HTR-1500 (ဖူကူတာဝါ) အမျိုးအစား ကျောက်ဖောက်စက်ယာဉ်ပေါ်သို့ ကျရောက်ခဲ့၍ ယာဉ်မောင်းသူ ကျောက်ပန်းတောင်းမြို့နယ်၊ ရသေ့တောင်ကျေးရွာနေ ကိုကိုဆင့်(၃၅)နှစ်မှာ ယာဉ်နှင့်အတူ မြေစာများအတွင်း မျောပါသေဆုံးခဲ့သည်။

 

1

 

ဖားကန့်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် နှစ်ရက်အတွင်း သေဆုံးသူ ၅၇ ဦး ရှိခဲ့ပြီး နွံကန်ပေါက်သည့် နေရာ၊ မြေစာပုံပြိုကျသည့် နေရာများသို့ ကချင်ပြည်နယ် သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ မြေပြိုကျသည့် လုပ်ကွက်များကို ထပ်မံပြိုကျမှု မဖြစ်ပေါ်စေရေးအတွက် အန္တရာယ်မြေအဖြစ် သတ်မှတ်၍ ပိတ်ထားရန်၊ မြေစာပုံရှင်းလင်းရေး လုပ်ငန်းများကို ကုမ္ပဏီများ၊ လုပ်ငန်းရှင်များက ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ပျောက်ဆုံးနေသော ဝန်ထမ်းမိသားစုများကို ကူညီစောင့်ရှောက်ပေးရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

1

 

"နွံကန်ပေါက်တဲ့နေရာ မြေစာပုံပြိုတဲ့နေရာတွေမှာ ကျောက်စိမ်းဌာနက အဖွဲ့တွေနဲ့ ကျွန်တော်တို့ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ဌာနဆိုင်ရာတွေ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြေစာရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ကချင်ပြည်နယ် သယံဇာတဝန်ကြီးကလည်း ကွင်းဆင်းကြည့်ရှုနေပါတယ်" ဟု ဖားကန့်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က ပြောသည်။

 

1

 

ယမန်နေ့ကဖြစ်ပွားခဲ့သည့် နွံကန်ကျိုးပေါက်မှုကြောင့် ရွှေနဂါးကိုးကောင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီနှင့် မြန်မာသူရကုမ္ပဏီတို့မှ ပျောက်ဆုံးနေသူ ၅၄ ဦးအနက် ဧပြီ ၂၃ ရက်က ရုပ်အလောင်း သုံးလောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ယနေ့တွင် ရုပ်အလောင်းတစ်လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့၍ ပျောက်ဆုံးနေသည့် ၅၀ ဦးကို ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက စက်ယန္တရားများဖြင့် ဆက်လက်ရှာဖွေလျက်ရှိကာ နွံကန်ပေါက်ကျမှုနှင့် မြေစာပုံပြိုကျမှုတို့ကြောင့် နှစ်ရက်အတွင်း သေဆုံးသူနှင့်ပျောက်ဆုံးသူ ၅၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)