ကျွန်းစု ၂၄ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မကူးစက်နိုင်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ် ကျန်းမာရေးဦးစီးဌာနက ကူးစက်ရောဂါမဟုတ်သော ရောဂါများ အခမဲ့ကုသခြင်းကို ယနေ့ နံနက် ၉ နာရီက ကျွန်းစုမြို့ အမှတ်(၃)ရပ်ကွက်၌ ကုသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကုသရာတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး-၁ ဒေါ်မျိုးမျိုးလှိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက အသက်(၄၀)နှစ်နှင့်အထက် ရှိသူများကို ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ်အမြင့် တိုင်းခြင်း၊ သွေးပေါင်တိုင်းခြင်း၊ ဆီးချိုသွေးချို စစ်ခြင်း၊ အခြားသော ရောဂါများစစ်ဆေး၍ ကုသဆေးများ အခမဲ့ပေးကာ ကုသပေးခြင်း ဖြစ်သည်။
အဆိုပါ အခမဲ့ကုသခြင်းသည် နှလုံး၊ ဆီးချို၊ သွေးတိုး၊ အာရုံကြောအားနည်းခြင်း စသည့် မကူးစက်တတ်သော ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


