ကျွန်းစု ၂၄ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များတွင် သတ်မှတ်ထား သော စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ဧပြီ ၂၃ ရက်က သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ရေယာဉ်ဂိတ်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အမြန်ရေယာဉ်များပေါ်တွင် အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဖောင်နှင့် အသက်ကယ်ပစ္စည်းများ ရှိ၊ မရှိ စစ်ဆေးခြင်း၊ မီးသတ်ဆေးဗူး (DCP)များ ပြည်စုံစွာ တပ်ဆင်ထားမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ထားသော စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် အမြန်ရေယာဉ် အမိုးပေါ်၌ လိုက်ပါစီးနင်းမှုများ ရှိ၊ မရှိ စသည်တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များသည် တစ်နေ့လျှင် အဆုန်အဆန် ပျမ်းမျှ (၃)ကြိမ်ရှိပြီး ထို(၃)ကြိမ်မှာလည်း ကျွန်းစုမြို့နယ် ပြည်သူများနှင့် အလည်ပတ်သွားသူများ တစ်နေ့ထက် တစ်နေ့ များပြားလာလျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခြင်းကို ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များက အမြန်ရေယာဉ်များ၌ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


