လွိုင်ကော်  ၂၄  ဧပြီ  

 

“သင့်နှလုံးသားကျန်းမာဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး (နှလုံးရောဂါ အထူးကုဌာန) နှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ကယားပြည်နယ်)တို့ ပူးပေါင်း၍ လူထုအခြေပြု နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ ပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက Famous Hotel အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ခုတင်(၅၀ဝ)ဆံ လွိုင်ကော် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိန်စိန်က အမှာစကား ပြောကြားပြီး အထွေထွေရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာအောင်မင်းက နှလုံးကြွက်သားများ အတွက် လိုအပ်သော သွေးနှင့်အဟာရ လုံလောက်စွာ မရရှိတော့သော အခိုက်အတန့်တွင် နှလုံးသွေးကြောကျဉ်း လက္ခဏာ ခံစားရတတ်ကြောင်း၊ အများဆုံး ခံစားရမည့် ဝေဒနာများမှာ ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ထဲတွင် မအီမသာဖြစ်ခြင်း၊ တင်းကြပ်ခြင်း၊ ရင်ဘတ်ကို ဖိထားသကဲ့သို့ ဖြစ်ခြင်းနှင့် ရင်ဘတ်တွင်သာမက လည်းပင်း၊ မေးရိုး၊ လက်မောင်းအတွင်းပိုင်း၊ ပခုံး၊ နောက်ကျောနှင့် ရင်ခေါင်းတို့တွင်လည်း အထက်ပါဝေဒနာများ ခံစားရနိုင်ကြောင်းကို ပညာပေးရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များအား ဆွေးနွေးမေးမြန်းကြရာ ဒေါက်တာအောင်မင်းက နှလုံးသွေးကြောကျဉ်း ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

လွိုင်ကော်သား