နေပြည်တော် ၂၄ ဧပြီ 

 

မြေသြဇာကော်မတီ၏(၂၇)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြေသြဇာကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော်က မြေသြဇာတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် သုံးစွဲသူတောင်သူလယ်သမားတို့အကြား ဘက်ညီမျှတသော အရည်အသွေး ပြည့်မီရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ ဈေးကွက်အတွင်းရှိ မြေသြဇာအမျိုးမျိုးတို့ကိုစစ်ဆေးကြပ်မတ်ရာတွင် လက်ရှိဖြစ်ပေါ်နေသော ခေတ်စနစ်နှင့် လိုက်လျောညီထွေစွာ စစ်ဆေးဆောင်ရွက်ရမည့်အချက်များ လုပ်ငန်းစဉ်များအား ပြောင်းလဲကျင့်သုံး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ မြေသြဇာကော်မတီဝင်များစုံညီစွာတက်ရောက်ကြပြီး ကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကော်မတီ၏ လုပ်ငန်းစဉ်များနှင့် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများအား ဆွေးနွေးတင်ပြရာ အစည်းအဝေးတက်ရောက် လာကြသူများကသက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

 

မြေသြဇာကော်မတီသည် စိုက်ပျိုးရေးလုပ်ငန်း၏ အရေးပါသည့် သွင်းအားစုတစ်ခုဖြစ်သော မြေသြဇာများ၏ အရည်အသွေး၊ စိချိန်စံညွှန်းများပြည့်စုံမှန်ကန်ရေးအတွက် မြေသြဇာနည်းပညာ ကော်မတီ၏ နည်းပညာပိုင်းဆိုင်ရာစိစစ် ထောက်ခံအကြံပြုချက်များဖြင့် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီးမြေသြဇာတင်သွင်းမှု၊ ထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးရောင်းချမှုများတွင် သက်ဆိုင်ရာလုပ်ငန်းရှင်များအနေဖြင့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ဖြေလျော့မှုများဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော မြေသြဇာကော်မတီ၏ ၂၇ ကြိမ်မြောက်အစည်းအဝေးမှ မြေသြဇာမှတ်ပုံတင် လျှောက်လွှာ ၃၈၃ စောင်ကိုမှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)