နေပြည်တော် ၂၄ ဧပြီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နှစ်စဉ်ကျေးရွာများတွင် နွေရာသီသောက်သုံးရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ရေပြတ်လပ်မှုဖြစ်နိုင်ခြေစာရင်း ကောက်ယူခြင်း၊ သောက်သုံးရေ အလျင်အမြန် ပံ့ပိုးဖြည့်ဆည်းပေးမည့် အစီအစဉ်ရေးဆွဲခြင်းများကြိုတင်ဆောင်ရွက်ခဲ့သည်။ 

 

စာရင်းကောက်ယူချက်များအရ ၂၀၁၉ခုနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခုရှိ မြို့နယ်(၉၃)မြို့နယ်၊ကျေးရွာပေါင်း(၂၀၈)ရွာတွင်ရေရှားပါးပြတ်လပ်နိုင်ခြေရှိကြောင်းခန့်မှန်းသိရှိခဲ့ပြီးရေရှားပါးပြတ်လပ်သောကျေးရွာများသို့ ရေသန့်စင်ကားများ၊ ရေသယ်ယာဉ်များအသုံးပြု၍ လည်းကောင်း၊ ရေဖြန့်ဝေရေးဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ စက်သုံးဆီကူညီပံ့ပိုးပေးခြင်းဖြင့်လည်းကောင်း၊ သောက်သုံးရေများဖြန့်ဝေ ပေးလျက်ရှိရာ၂၀၁၉ခုနှစ်၊ဧပြီလ(၂၃) ရက်နေ့ထိတိုင်းဒေသကြီး/ပြည်နယ်(၁၀)ခုရှိမြို့နယ်ပေါင်း(၃၀)၊ကျေးရွာပေါင်း (၇၅) ရွာသို့ ရေဂါလန်(၂၉၅၂၂၀) ဖြန့်ဝေပေးနိုင်ခဲ့သည်။

 

ကျေးလက်ရေရရှိရေးလုပ်ငန်းများအနေဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ (၂၁၇၇) ရွာ၌ ရေပေးရေးလုပ်ငန်းပေါင်း (၂၂၂၁)ခု အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

သို့ပါ၍မည်သည့် ကျေးရွာများမဆို ရေရှားပါးပြတ်လတ်မှုတစ်စုံတစ်ရာဖြစ်ပေါ်ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)အပါအဝင်သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ဖုန်းဆက်သွယ်မှုအပြင် အခြားဆက်သွယ်ရေး နည်းလမ်းမျိုးစုံဖြင့် အချိန်အခါမရွေးဆက်သွယ် အကူအညီတောင်းခံနိုင်ပါကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အသိပေးနှိုးဆော်အပ်ထားသည်။

 

(သတင်းစဉ်)