တာလေ ၂၄ ဧပြီ
တာလေမြို့ ရှောင်လမ်းဖောက်လုပ်ရာတွင် မြေပါသွားသည့် တောင်သူ ၇၂ ဦးတို့၏ မြေယာလျော်ကြေးငွေနှင့် သီးနှံလျော်ကြေးငွေ စုစုပေါင်းငွေကျပ် ၄၅၅ ဒဿမ ၆၂၉ သန်း ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် သီးနှံလျော်ကြေးနှင့် မြေယာလျော်ကြေးပေးအပ်ရေးကော်မတီ နာယက တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တောင်သူများ နစ်နာမှုမရှိစေရေးအတွက် နိုင်ငံတော်မှ ပေးအပ်နိုင်သည့် ဒေသ ပေါက်ဈေးနှုန်းများကို ထိုက်သင့်သည့် နှုန်းထားလျော်ကြေးသတ်မှတ်ပြီး လျော်ကြေးသတ်မှတ်ရေးအဖွဲ့မှ အကြိမ်ကြိမ်ကွင်းဆင်းကာ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုနှင့် နားယောင်းအုပ်စုတွင် မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် မြေယာများ ဖယ်ပေးခဲ့ရသည့် တောင်သူ ၇၂ ဦးတို့ နှင့် ညှိနှိုင်းပြီး သတ်မှတ်ပေးအပ်ခဲ့ကြောင်း၊
မြေယာလျော်ကြေးငွေနှင့် သီးနှံလျော်ကြေးငွေများ ပေးအပ်ပြီးပါက လမ်းလုပ်ငန်းစဉ်များကို စတင်ဖောက်လုပ် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ပါဝင်သွားသည့် မြေဧက အပေါ်မူတည်ကာ လျော်ကြေးငွေများကို ပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ သီးနှံလျော်ကြေးနှင့် မြေယာလျော်ကြေး ပေးအပ်ရေး ကော်မတီနာယက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ကော်မတီဝင်များနှင့် မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုနှင့် နားယောင်းအုပ်စုမှ တောင်သူများတက်ရောက်ခဲ့ ကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)


