သံဖြူဇရပ် ၂၄ ဧပြီ
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ဧပြီလဆန်းပိုင်းမှစတင်ကာ အပူရှိန်မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်း ယခင်နှစ်များအထိ တစ်ကြိမ်တစ်ခါမျှ ရေခန်းခြင်း မရှိခဲ့ဖူးသည့် ရေတွင်းများ ရေခန်းခြောက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် ယခုရက်များအတွင်း အပူချိန် ၃၉ ဒီဂရီ(C)အထိ ရောက်ရှိခဲ့ခြင်းကြောင့် ပြည်သူများ သောက်သုံးရေလိုအပ်မှုများလာခဲ့ရာ စက်ရေတွင်းတူးပြီး ရေရောင်းချသူများထံ ကြိုတင်မှာယူ၍ဝယ်ယူသုံးစွဲနေရပြီး အဆိုပါရေရောင်းချပေးပို့သည့် ရေကားများမှာလည်း မိမိအလှည့်ကျရေရှိရေးကို တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်အတွင်း သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်နေသည့် ရပ်ကွက်နှင့်ကျေးရွာများသို့ သောက်သုံးရေ ဖြန့်ဝေလှူဒါန်းပေးနေသည့် မြို့နယ်ရေပေးဝေလှူဒါန်းရေးအဖွဲ့မှ ရေအရင်း အမြစ်ရရှိရာ စက်သစ်ရပ်၊ ကိုးနဝင်းပိုင်းတွင် ရေထွက်အား အလွန်ကောင်းသည့် နှစ်ပေါင်း ခြောက်ဆယ်ကျော်သက်တမ်းရှိပြီဖြစ်သော အဝီစိတွင်းနှင့် ရေစုကန်အဟောင်းကိုပြုပြင်ပြီး လွန်ခဲ့သည့်လေးနှစ်မှ စတင်ကာ ရေပေးဝေရေးကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပရဟိတ အဖွဲ့များမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ နေ့စဉ်ရေဂါလန် ခုနှစ်သောင်းခန့်ကို မတ်လဆန်းမှ စတင်ကာ နေ့စဉ်လှူဒါန်းပေးနေကြောင်း သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


