နေပြည်တော် ၂၄ ဧပြီ
ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် ဘဏ္ဍာရေးကော်မရှင်၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ၂၀၁၈ -၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ် ဧပြီ ၉ ရက်တွင် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး (၁/၂၀၁၉) ကို ကျင်းပခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ ဒေသ ဖွွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုငွေများ ပြင်ဆင်အတည်ပြုရန် အစည်းအဝေးကို ထပ်မံခေါ်ယူရခြင်း ဖြစ်ပါကြောင်း။
၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်မတိုင်မီ ပေးပို့တင်ပြရမည်ဖြစ်သည့်အတွက် အချိန်မှာ အလွန်နီးကပ်နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်များအတွက် ထပ်မံခွင့်ပြုပေးမည့် ဖြည့်စွက်ခွင့်ပြုငွေများကို ပြည်ထောင်စုလွှတ်တော်သို့ အချိန်မီပေးပို့နိုင်ရေးအတွက် ဆွေးနွေးဆုံးဖြတ်ကြရန် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေများကို မိမိတို့ဒေသ အတွက် ဟန်ပြဖြစ်စေမည့် လုပ်ငန်းမျိုးမဖြစ်စေဘဲ ဒေသခံပြည်သူများအတွက်အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများတွင် အသုံးပြုသွားကြရန်၊ ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများကို သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးစေရန်နှင့် အရည်အသွေး ပြည့်မီစေရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက စစ်ဆေးကြပ်မတ်စီမံဆောင်ရွက် သွားကြရန် မှာကြားလိုပါကြောင်း။
ထို့ပြင် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး (၁/၂၀၁၉) တွင် ပြောကြားခဲ့သလို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည့် တင်ဒါခေါ်ယူမှုများ၊ တင်ဒါ စည်းမျဉ်းများအတွင်း လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းကို ထပ်မံသတိပေးလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေအပါအဝင် ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဘဏ္ဍာရေးကော်မရှင်မှ သုံးသပ်ပြီး ထောက်ခံအတည်ပြုပေးပါရန် ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ယခု ကျင်းပသည့် အစည်းအဝေးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအကျိုးရှိ ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များသို့ ထပ်မံထောက်ပံ့ငွေကိုသာ အတည်ပြုမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် ဌာန/ အဖွဲ့အစည်းများ၏ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုများအပေါ် ပြင်ဆင်ပြောင်းလဲရန်မရှိပါကြောင်း။
၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ ရငွေ ငွေကျပ်၂၁၈၆၈ ဘီလီယံ၊ သုံးငွေ ငွေကျပ် ၂၇၁၈၈ ဘီလီယံ၊ ဂျီဒီပီ တန်ဖိုးငွေ ကျပ် ၁၀၅၇၂၆ ဘီလီယံ၊ အသားတင်လိုငွေ ငွေကျပ် ၅၃၂၀ ဘီလီယံ ဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီ အချိုးမှာ ၅ ဒသမ ဝ၃ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။
နိဂုံးချုပ်အားဖြင့်တိုင်းဒေသကြီး/ပြည်နယ်များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုငွေများအား အတည်ပြုပေးနိုင်ပါရန်နှင့် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း အပါအဝင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ယနေ့ ဒုတိယအကြိမ်ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်မှ သုံးသပ်ထောက်ခံ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စိစစ်ပြီး ခွင့်ပြုထားသည့် ဖြည့်စွက်ခွင့်ပြုငွေကျပ် ၁၂၁ ဘီလီယံ နှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအရ ပြည်ထောင်စုက ထောက်ပံ့ရမည့်ငွေ ကျပ် ၃၉ ဘီလီယံ တို့ကို ဧပြီ ၉ ရက်တွင် ကျင်းပခဲ့သည့် (၁/၂၀၁၉) ကြိမ်မြောက် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ဖြစ်ပါကြောင်း။
ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ လိုအပ်လာသည့်အတွက် ငွေကျပ် ၄၀ ဘီလီယံကို ထပ်မံခွင့်ပြုရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေမှာ ငွေကျပ် ၁၆၁ ဘီလီယံဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းအရ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ထောက်ပံ့ရမည့်ငွေမှာ ငွေကျပ် ၇၉ ဘီလီယံဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ အဆိုပါငွေရပ်အား ဘဏ္ဍာရေးကော်မရှင်မှ သုံးသပ်အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ၂၀၁၈-၂၀၁၉ ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တင်ပြတောင်းခံမှုများနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေအပါအဝင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ထောက်ခံဆွေးနွေးကြသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ က မိမိတို့ ဆွေးနွေး အတည်ပြုထားသည့်အတိုင်း ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု စာရင်း၊ ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို ဘဏ္ဍာရေး ကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်း များ၊ ဘတ်ဂျက်များဖြစ်ရန် ဆိုသည်မှာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအားလုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအားလုံးအနေဖြင့် တာဝန်သိမှုသာမက တာဝန်ယူမှု၊ တာဝန်ခံမှုတို့ အပြည့်အဝရှိကြရန် အရေးကြီးပါကြောင်း။
ပြည်သူ့ဘဏ္ဍာဖြစ်သည့် ဘတ်ဂျက်ငွေများကို ကိုင်တွယ်အသုံးပြုရာတွင် ပြည်သူ့ အကျိုးအတွက် စေတနာမှန်ကန်ရန်၊ သုံးစွဲရာတွင် မှန်ကန် စနစ်ကျရန်နှင့် အရည်အသွေး များ စံချိန်စံညွန်းမီရန် အထူးလိုအပ်ပါကြောင်း၊ ယခုထပ်မံခွင့်ပြုပေးရသည်မှာလည်း ဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ် များအတွက် အကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်ကြီး တိုးတက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့် မိမိတို့ဒေသအတွက် ဘတ်ဂျက် လျာထား ဆောင်ရွက်ရာတွင် စနစ်ကျနသည့် ဘတ်ဂျက်လျာထားမှု ဖြစ်စေရန်၊ ရရှိသည့် ခွဲဝေ ချထားငွေကို သုံးစွဲရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြစ်စေရန်၊ ပြည်သူများ၏အကျိုးကို အထူးရှေးရှုပြီး စေတနာမှန်ကန်ဖြူစင်စွာ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ များအနေဖြင့် ဘဏ္ဍာရေးကော်မရှင်က ထောက်ခံတင်ပြခဲ့သည့် ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲသုံးစွဲကြရန် အလေးအနက်မှာကြားလိုပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)


