မန္တလေး  ၂၄  ဧပြီ

 

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ Hilton Hotel ၌ ကျင်းပသည်။

 

အစည်းအဝေးကိုအာဆီယံသီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး က အဖွင့်အမှာစကားပြောကြားရာတွင်   အာဆီယံနိုင်ငံများအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုတန်ဖိုးထားပါကြောင်း၊

 

အဆိုပါ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည် ရင်းနှီးမှုတို့ဖြင့် မိမိတို့ အာဆီယံနိုင်ငံများသည် နှစ်ပေါင်း(၄၀)ကျော်အတူတကွ တည်ရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ လတ်တလောတွင် ဖိလစ်ပိုင်နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊

 

စာရင်းဇယားများအရ မိမိတို့နေထိုင်သည့် အာဆီယံဒေသတွင် (၂၀၁၂) ခုနှစ်မှ (၂၀၁၉)ခုနှစ်အတွင်းဘေးအန္တရာယ် စုစုပေါင်း ၁၆၀၄ ကြိမ်ခန့်ဖြစ်ပွားခဲ့ပါကြောင်း၊ အာဆီယံ ဒေသသည် ဘေးအန္တရာယ်များ စွာကျရောက်လွယ်သည့် ဒေသဖြစ်သော်လည်းနိုင်ငံတကာမှ ပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရ ဘေးအန္တရာယ်ဖြစ်ပွားမှုများသည့် အင်ဒိုနီးရှား နိုင်ငံ၊ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့သည် ဘေးအန္တရာယ်များကိုတုံ့ပြန်ဆောင်ရွက်နိုင်စွမ်းများ မြင့်မားလာသည်ကိုတွေ့ရှိရပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကိုဆောင်ရွက်ရာတွင် နိုင်ငံအတွင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပ ပြုလုပ်ရသည့်အတွက်လည်းများစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊

 

(၃)ရက်ကြာ ကျင်းပပြုလုပ်မည့် အစည်းအဝေးများမှ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် အာဆီယံလူမှုအ သိုက်အဝန်း ဖြစ်စေရေးအတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကိုချမှတ်ဆောင်ရွက်နိုင်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်းပြောကြားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာဝန်ကြီးက မန္တလေးတိုင်းဒေသကြီးသည် ယဉ်ကျေးမှုအမွေအနှစ်များစွာရှိပြီး သမိုင်းကြောင်းအစဉ်အလာမြင့်မားသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ရာအဆိုပါ အမွေအနှစ်များအားဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်နိုင်ရန်လည်းအရေးကြီးပါ ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဖြစ်ပွားမှုများသည့် ဘေးအန္တရာယ်များအတွက် လိုအပ် သည့် စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် မြေပြင်တွင်လည်းလက်တွေ့ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများအတွက် အစိုးရအဖွဲ့အစည်းများသာမကအရပ်ဘက် လူမှု အဖွဲ့အစည်းများ၏ အင်အားကိုပါရယူဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်း၏ ဒုတိယအတွင်း ရေးမှူးချုပ် H.E. Mr. Kung Phoak က အမှာစကားပြောကြား ပြီးဖွင့်ပွဲအခမ်းအနား ကိုစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်၍ ပိတ်သိမ်းလိုက်သည်။

 

ထို့နောက် UNESCAP ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှုဖြင့် ပြုစုထားသည့်  အာဆီယံနိုင်ငံများအတွင်းမိုးခေါင်ရေရှားမှု ဘေးအန္တရာယ်လေ့လာဆန်းစစ်ချက် အစီရင်ခံစာ အားမိတ်ဆက်ဖြန့်ချိခြင်းကို ဆောင်ရွက်သည်။

 

အဆိုပါ (၃၄)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများကိုဧပြီ(၂၄)ရက်မှ (၂၆)ရက် အထိ (၃)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံသဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာလူသားချင်း စာနာကူညီမှု ပေါင်းစပ်ညှိနှိုင်းရေးဌာန (AHA Centre)၊ အာဆီယံအပေါင်းသုံးနိုင်ငံများ၊ အာဆီယံ လူမှုရေးနှင့်ယဉ်ကျေးမှု အသိုက်အဝန်းအောက်ရှိကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များတက်ရောက်ကြောင်းသိရှိရသည်။

 

(သတင်းစဉ်)