ရန်ကုန် ၂၄ ဧပြီ
မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဝါးစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ၊ ဝါးသုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဝါးနှင့်သက်ဆိုင်သော မူဝါဒများ နှင့် နည်းဗျူဟာစီမံကိန်းရေးဆွဲခြင်းများကို သိရှိလေ့လာနိုင်ရန်အတွက် ယနေ့ညနေ ၅ နာရီက ရန်ကုန်မြို့မှ ဟောင်ကောင်သို့ ထွက်ခွာသွား ကြောင်းသိရသည်။
ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၄ မှ ၂၉ ရက်အထိ တရုတ်နိုင်ငံ ပေကျင်း၊ ဟန်ကျိုးနှင့် အန်ဂျီမြို့များတွင် သွားရောက်လေ့လာသွားကြမည်ဖြစ်ပြီး ခရီးစဉ်တွင် ဝါးနှင့်ကြိမ်အတွက် အပြည်ပြည်ဆိုင်ရာကွန်ရက်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝါးနှင့်သက်ဆိုင်သော မူဝါဒနှင့် နည်းဗျူဟာရေးဆွဲခြင်း လုပ်ငန်းစဉ်များအကြောင်း လေ့လာဆွေးနွေးခြင်း၊ ဖွံ့ဖြိုးတိုးတက်သော ဝါးစက်ရုံများသို့ သွားရောက်လေ့လာခြင်း၊ ဝါးစိုက်ခင်းများ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းပါးပြီး လေ့လွင့်မှုမရှိသော ဝါးကုန်ကြမ်း၊ ကုန်ချော ထုတ်လုပ်ခြင်းများ၊ အားလုံး ပါဝင်လုပ်ကိုင်နိုင်သော ဝါးအခြေပြု ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းများနှင့် ပတ်ဝန်းကျင်အကျိုးပြု ဝါးစိုက်ပျိုး ထုတ်လုပ်မှု လေ့လာခြင်းလုပ်ငန်းများ အဓိကပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူထံမှ သိရသည်။
ယခုခရီးစဉ်သည် တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်သွားရောက်သည့် ဝါးနှင့်ပတ်သက်သော လေ့လာရေး ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းနှင့် Business Innovation Facility ( ဗြိတိန် အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန- UK AID) တို့၏ စီစဉ်ပံ့ပိုးမှုတို့ဖြင့်သွားရောက်ခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူများ၊ မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ နှင့် Business Innovation Facilit မှ ကိုယ်စားလှယ်များ လိုက်ပါသွားကြကြောင်း သိရသည်။
ညွန့်ကိုကို


