ပဲခူး ၂၄ ဧပြီ
ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့သို့ ဒေသစာရီကြွချီ အပူဇော်ခံသည်။
ရှေးဦးစွာ ယနေ့နံနက် ၅ နာရီက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်များအား သထုံမြို့ ရွှေစာရံစေတီ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ဆရာတော်သံဃာ တော်များက ဘုရားအနေကဇာတင်ကြပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်း ထွဋ္ဋ်၊ ဌာနဆိုင်ရာများ၊ ရွှေစာရံစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ဝတ် အသင်းအဖွဲ့များက မွန်ပြည်နယ် သထုံမြို့မှ ပဲခူးတိုင်းဒေသကြီးသို့ ပင့်ဆောင်ပူဇော်ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စစ်တောင်းတံတား(မုပ္ပလင်)တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် ဦးညွန့်ရွှေနှင့် ဒေါ်ညွန့်ညွန့်ဌေး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်၊ ဌာနဆိုင်ရာများ၊ ရွှေမော်ဓောစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များက ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံသို့ ကြိုဆိုပင့်ဆောင်ကြရာ လမ်းကြောင်းတစ်လျောက်တွင် ဗုဒ္ဓဘာသာနွယ်ဝင်သူတော်စင်များက ဖူးမြော်ကြည်ညိုကြပြီး စေတီတော်ကြီးတည်ထားကိုးကွယ်ရေး အလှူငွေများထည့်ဝင်လှူဒါန်းကြသည်။
ယနေ့ည ၇ နာရီခွဲတွင် ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံ၌ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ စကျင်ဗုဒ္ဓရုပ်ပွားတော် များ၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်း အမှတ် “မေတ္တာလွှမ်းမှ ငြိမ်းချမ်းမယ်” တရားတော်ကို ဟောကြားချီးမြှင့်ရာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဒေသခံ တရားချစ်ခင် သူတော်စင်များက တရားတော်ကို ရိုသေစွာ နာယူကြည်ညိုကြသည်။
(ဟန်လင်းနိုင်)


