ပြည်    ၂၅ ဧပြီ    

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြို့တော်တွင် တည်ထားကိုးကွယ် လျက်ရှိသော ထာဝရငြိမ်းချမ်းရေး စေတီတော်၌ ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်မြတ်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် စသည့် ဗုဒ္ဓရတနာ အထွဋ်အမြတ်များကို မြန်မာနိုင်ငံ တစ်နံတစ်လျားမှ ရဟန်းရှင်လူ ပြည်သူအများ ကုသိုလ်ပြု ဖူးမြော်ကြည်ညို ပူဇော်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့အသီးသီးသို့ ဒေသစာရီ ကြွချီလှည့်လည် အပူဇော်ခံလျက်ရှိရာ ဧပြီ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ တစ်နေ့တာ မြို့တွင်းလှည့်လည် ကြွချီအပူဇော်ခံ၍  တစ်ညတာ ကိန်းဝပ်စံပယ် အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

 

1

 

အပူဇော်ခံ ဒေသစာရီကြွချီလာသော စကျင်ဗုဒ္ဓရုပ်ပွားတော်မြတ်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား ၄င်းရက် နံနက်ပိုင်းတွင် ပြည်မြို့မှ ကြိုဆိုပင့်ဆောင် ပူဇော်ရေးအဖွဲ့များက ပန်းတောင်းမြို့နယ်နှင့် ပြည်မြို့နယ်အစပ် (နဝဒေးတံတား) ထိပ်မှ ကြိုဆိုပင့်ဆောင်ကြပြီး မြို့တွင်းလှည့်လည် အပူဇော်ခံမည်ဖြစ်ကာ  ဒေသခံ ရဟန်းရှင်လူ ပြည်သူများ အနေဖြင့် ဗုဒ္ဓရတနာ အထွဋ်အမြတ်များကို ကြည်ညိုသဒ္ဓါပွားများ၍ ဖူးမြော်ပူဇော်နိုင်ပြီး စေတီတော် တည်ထားကိုးကွယ်ရေးအတွက် နဝကမ္မ လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်း  ကုသိုလ်တော်ပြု ပါဝင်လှူဒါန်းနိုင်မည် ဖြစ်သည်။

 

မြို့တွင်းလှည့်လည် အပူဇော်ခံအပြီးတွင်  ပြည်မြို့ အထက(၁) ကျောက်တိုင်ကွင်းအတွင်း အပူဇော်ခံ မင်္ဂလာမဏ္ဍပ်၌ တစ်ညတာအပူဇော်ခံ ကိန်းဝပ်စံပယ်တော်မူမည်ဖြစ်ပြီး အဆိုပါကွင်း၌ ယင်းနေ့ည ၈ နာရီတွင် ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ်အဖြစ် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက မထေရ်မြတ်က ငြိမ်းချမ်းရေးတရားတော် ဟောကြားချီးမြှင့်တော်မူမည်ဖြစ်၍ တရားချစ်ခင် သူတော်စင်များ အနေဖြင့် တရားတော်နာကြွရောက်နိုင်ပါကြောင်းနှင့် ဒေသစာရီခရီးစဉ်ကို ဧပြီ ၂၈ ရက်တွင် ပြည်မြို့မှ  မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ဆက်လက်ကြွချီ အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးကျော်ကြီး(ပြန်/ဆက်)