ကျောက်ဆည် ၂၅ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တံစိုးကျေးရွာ၊ ရွာဦးဓမ္မာရုံတွင် ယမန်နေ့ ည ၇ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်က တံစိုးကျေးရွာအတွက် ဆောင်ရွက်ပေးလျှက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး လိုအပ်မှုများ ရှိပါက ယခုစကားဝိုင်း တွင် ဆွေးနွေးပြောကြားစေလိုကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ဦးစီးအရာရှိ ဒေါ်ကျော့မြတ်ခိုင်က ဒေသဖွံ့ဖြိုးရေးစကားဝိုင်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မို့မို့စိုး၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာရည်မွန်အေး၊ ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ခင်ဆွေမျိုးတင့်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးဦးစည်သူ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာမင်းထက်ထက်စိုး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မျိုးလတ် တို့က ဌာနအလိုက် ကျေးရွာများအလိုက် ဆောင်ရွက်ပေးလျှက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။

 

ထိုသို့ ဌာနအလိုက် ရှင်းလင်းပြောကြားမှုများအပေါ် စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဒေသခံရွာသူ၊ ရွာသားများမှ ကျေးရွာအတွက်လိုအပ်လျှက်ရှိသည့်၊ တောကုန်ထုတ်လမ်းနှင့် အမှိုက်စွန့်ပစ်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ မိုးရာသီတွင် ရွာတွင်း ရေထွက်လမ်း ခက်ခဲမှုများ၊ ယာဉ်အန္တရာယ်ကြုံတွေ့နိုင်သည့် ရွာဘေးတွင်ရှိသော ကားလမ်းအား လမ်းပုခုံးသားများ မြေဖို့ပေးနိုင်ရေး  စသည့်လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။

 

MDN