သထုံ  ၂၅ ဧပြီ    

 

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အပူချိန်များ ဆက်တိုးမြင့်တက်လျက်ရှိရာ ပြည်သူများအနေဖြင့် အပူဒဏ်ကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များကျရောက်မှုမရှိရေး သတိထားနေထိုင်နိုင်ရန် လိုက်လံနှိုးဆော်ခြင်း အသိပညာပေးဟောပြောခြင်းများကို လိုက်လံဆောင်ရွက်ပေးနေကြောင်း သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

"ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပူဒဏ်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို အသံချဲ့စက်နဲ့ လိုက်ကြေညာပေးတယ်။ ဒါ့အပြင် ကျေးရွာတွေမှာလည်း အပူဒဏ်ကာကွယ်ရေး လိုက်နာရမယ့် အချက်တွေကို အသိပညာပေးဟောပြောပွဲတွေ လိုက်လုပ်ပေးတယ်။ အပူဒဏ်နဲ့ ပတ်သက်ပြီး ဆေးရုံရောက်လာရင်လည်း ပြုစုကုသနိုင်ဖို့ ဝန်ထမ်းအားလုံးကို  သင်တန်းပေးထားတယ်။ ရောက်လာတဲ့လူနာတွေ နေထိုင်ဆေးကုသနိုင်ဖို့လည်း  ဆေးရုံမှာ ပြင်ဆင်ထားတာရှိတယ်" ဟု သထုံခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်သင်းသင်းအိက ပြောသည်။

 

1

 

အပူဒဏ်ကြောင့် ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခန္ဓာကိုယ်အင်အားကုန်ခမ်း၊ ဦးနှောက်ထိခိုက်နိုင်သောရောဂါများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများအနေဖြင့် အပူချိန်များသော အချိန်တွင် နေပူထဲသွားလာပါက နေရောင်ကာသော ထီး၊ ဦးထုပ်၊ ဖိနပ်၊ အင်္ကျီလက်ရှည်များ ဝတ်ဆင်ပြီး သွားလာရန် အပူဒဏ် ကာကွယ်နိုင်သည့် အမိုး၊ အကာနှင့် အဆောက်အဦအတွင်း နေထိုင်ကြရန်၊ နေ့လည် ၁၂ နာရီ ကျော်လျှင် မြစ်ဆိပ်၊ ရေဆိပ်၊ ရေကန်များနှင့် ရေတွင်းတို့၌ ရေချိုးခြင်း မပြုလုပ်ကြရန်၊ နေအိမ်အတွင်း ရေစိုဝတ်များဖြင့်ပတ်၍ အိပ်စက်ခြင်း မပြုလုပ်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ အပူဒဏ်ကာကွယ်ရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား သိရှိစေရန်၊ အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားလာပါက ပြုစုနေထိုင် တတ်စေရန် ဆေးရုံဆေးခန်းသို့ အချိန်မီ ပို့ဆောင်ပေးနိုင်ရန်တို့ကို ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူတို့က ရပ်ကွက်ကျေးရွာများ၌ နေ့စဉ် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးခြင်း ပညာပေးဟောပြောခြင်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။

 

အပူဒဏ်ရောဂါခံစားနေရသော လူနာများအား ဆေးရုံသို့ မတင်ပို့မှီ မိသားစုမှ အေးမြပြီးအရိပ်ကောင်းသော နေရာတွင်ထားပြီး ရေပတ်တိုက်ပေးခြင်းဖြင့် ရှေးဦးပြုစုထားနိုင်ပြီး နီးစပ်ရာကျန်းမာရေးဌာန များမှတစ်ဆင့်ဖြစ်စေ၊ ဆေးရုံဆေးခန်းများသို့ အချိန်မှီတင်ပို့ကုသရန်လိုအပ်ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

သက်ဦး(သထုံ)

 

1