နေပြည်တော်  ၂၅ ဧပြီ

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ်အား ဧပြီ ၂၄ ရက် ညပိုင်းတွင် AA အဖွဲ့က ကျေးရွာအတွင်းနှင့် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှ နေရာယူ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

 

ဘောင်းဒုတ်ကျေးရွာရှိ နယ်မြေခံ တပ်ဌာနချုပ်၊ လုံခြုံရေးဂိတ်ကင်းနေရာများကို ဧပြီ ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် AA အဖွဲ့က ကျေးရွာအတွင်းမှ နေရာယူ၍ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ AA အဖွဲ့၏ ပစ်ခတ်မှု ည ၇ နာရီ မိနစ် ၄၀ ခန့်တွင် ရပ်တန့်သွားခဲ့ပြီး ရန်ကုန်-စစ်တွေကား လမ်းမပေါ်မှ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကြီး ဖြင့်လည်းကောင်း၊ ည ၉ နာရီခန့်တွင် လက်နက်ငယ်များဖြင့်လည်းကောင်း ထပ်မံနှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ရှာ ဖွေစစ်ဆေးခဲ့ရာ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် တပ်ဌာနချုပ် အိမ်ထောင်သည် လိုင်းခန်းများနေရာတွင် AA အဖွဲ့မှ အလောင်း ၁ လောင်း တွေ့ရှိခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဘောင်းဒုတ်ကျေးရွာအတွင်းမှနေ၍ တပ်ဌာနချုပ်များသို့ AA အဖွဲ့က ယခုအကြိမ် အပါအဝင် ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ်ရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍လည်း ဧပြီ ၁၈ ရက်တွင် တာဝန်ရှိသူများက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျေးရွာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ AA အဖွဲ့များ ရွာအတွင်းသို့ ဝင်ရောက်မှုမရှိစေရေး၊ ရောက်ရှိလာပါက သက်ဆိုင်ရာသို့ သတင်းပို့၍ ရပ်ရွာလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့အား စည်းရုံးဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း။

 

AA အဖွဲ့များအနေဖြင့် တပ်မတော်အပေါ် ပြည်သူလူထု အထင်မြင်လွဲမှားစေရန် မြို့၊ ရပ်ကွက်၊ ကျေးရွာများနှင့် ကျေးရွာလူထုအား ကြားခံအဖြစ် အသုံးချ၍ တပ်ဌာနချုပ်များနှင့် တပ်မတော် လုံခြုံရေးစစ်ကြောင်းများကို မကြာခဏချောင်းမြောင်း ပစ်ခတ်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)