နေပြည်တော် ၂၅ ဧပြီ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့သည် ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့၊ ဘာလာရီးခါ ရပ်ကွက်ရှိ မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်အစ္ဆရိယအား ဖူးမြော်ကြည်ညိုသည်။
ထို့နောက် ကျောင်းတိုက်အတွင်း ဓမ္မာရုံတည်ဆောက်မည့် အခြေအနေများနှင့် ကျောင်းတိုက် တိုးချဲ့တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေမှုများ၊ ကမ္ဘာ့ယဉ်ကျေးမှုပေါင်းစုံ ပြတိုက်ပန်းခြံအတွင်း ရွှေစည်းခုံစေတီတော် ပုံစံတူတည်ထားကိုးကွယ်ရန် ဆောင်ရွက်နေသည့် အခြေအနေများနှင့် လိုအပ်ချက်များအား မေးမြန်းလျှောက်ထားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများအား ဆက်ကပ်လှူဒါန်းကြပြီး ကျောင်းတိုက်တိုးချဲ့ တည်ဆောက်ရန် ဆောင်ရွက်နေမှုများ အားကြည့်ရှုကြသည်။
ထို့နောက် ကျောင်းတိုက်ရှေ့တွင် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရုရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးမှ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လိုအပ်ချက်များမေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် မော်စကိုမြို့ရှိ MIG - 29 Service Support Center သို့ရောက်ရှိကြပြီး စက်ရုံအတွင်းလှည့်လည်ကြည့်ရှု လေ့လာကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာ ကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu က (၈)ကြိမ် မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေး ဆိုင်ရာညီလာခံ (8th Moscow Conference on International Security) သို့ တက်ရောက်လာကြသည့် နိုင်ငံများမှကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


