ရန်ကုန် ၂၆ ဧပြီ

 

မြန်မာနိုင်ငံမှ သွားရောက်မှုများသော ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားနှင့် ဟောင်ကောင်တို့ အပါအဝင် နိုင်ငံကိုးနိုင်ငံသို့ ခရီးသွားလာကြမည့် MPT  သုံးစွဲသူများသည် MPT ၏ မြန်နှုန်းမြင့်အင်တာနက် LTE+ roaming ဒေတာဝန်ဆောင်မှုကို ထိုနိုင်ငံများတွင်ပါ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်မည့် ပရိုမိုးရှင်းအစီအစဉ်ကို ပြုလုပ်ထားပြီဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်အရ မြန်မာနိုင်ငံမှ ပြည်ပသို့ ခရီးသွားကြမည့်သူများအနေဖြင့် ပြည်ပခရီးစဉ်အတွင်း အင်တာနက်အသုံးပြုခ သက်သာစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း MPT မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

MPT အနေဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက data roaming နှုန်းထားနှင့် package အစီအစဉ်သစ်ကို MPT ၏ GSM/WCDMA အသုံးပြုသူအားလုံးအတွက် မိတ်ဆက်ပေးခဲ့ပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် မကာအိုနိုင်ငံများတွင် အင်တာနက် အသုံးပြုမှုတိုင်းအတွက် တစ်ပတ်စာ ဝန်ဆောင်ခ ကျပ် ၉၀ဝ ပေးသွင်းကာ 1MB လျှင် ကိုးကျပ်နှုန်းဖြင့် အသုံးပြုနိုင်မည့် အစီအစဉ်ကို မိတ်ဆက်ခဲ့သလို ထိုအစီအစဉ်ကို မရယူသည့် အသုံးပြုသူများအနေဖြင့်လည်း 1MB လျှင် ၁၅ ကျပ်ဖြင့် သုံးစွဲနိုင်မည့် အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။ ယခု ထပ်မံ၍ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားနှင့် ဟောင်ကောင်တို့တွင် LTE+ data roaming ကို 1MB လျှင် ကိုးကျပ်နှုန်းဖြင့်သုံးနိုင်မည့် ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။

 

MPT KSGM Joint Operations မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ အမြန်ဆုံး အင်တာနက်ဝန်ဆောင်မှုကို အချိုသာဆုံး ဈေးနှုန်းတွေနဲ့ MPT သုံးစွဲသူတွေ နိုင်ငံရပ်ခြားမှာ ချိတ်ဆက်အသုံးပြုနိုင်ဖို့ MPT ရဲ့ မြန်နှုန်းမြင့် အင်တာနက် LTE+ roaming ကို ပေးနိုင်ခဲ့လို့ ကျေနပ်ပါတယ်” ဟု ပြောသည်။ ထိုဝန်ဆောင်မှုကို ရယူလိုသူများ အနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်စေ၊ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေလျှင်ဖြစ်စေ နံပါတ် *9007# သို့မဟုတ် *106*2*5*2# ဖုန်းခေါ်ဆိုခြင်းနှင့် နံပါတ် 1332 သို့ ‘NINE’ ဟု SMS ပေးပို့ခြင်းဖြင့် ရယူအသုံးပြုနိုင် မည်ဖြစ်ကာ MPT4U app မှ တစ်ဆင့်လည်း ရယူနိုင်မည်ဖြစ်ကြောင်း၊ တစ်ကြိမ်ရယူပြီးလျှင် သက်တမ်းကာလ ခုနစ်ရက်အထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ပရိုမိုးရှင်းအစီအစဉ်တွင်ပါသော နိုင်ငံကိုးနိုင်ငံအပြင် MPT ဆင်းကတ်များကို သုံးပြုသူများအနေဖြင့် ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ အမေရိက၊ သြစတြေးလျနှင့် သီရိလင်္ကာနိုင်ငံများတွင်လည်း MPT ၏ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုများကို 1MB လျှင် ၅၀ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

ကျော်ဇင်ဦး