တနင်္သာရီ ၂၅ ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သောက်သုံးရေ အခက်အခဲရှိနေသည့် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စု-အနောက်ကောက်ကုန်း ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေ ထောက်ပံ့ပေးအပ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးညီညီဝင်းနှင့် အငယ်တန်းအင်ဂျင်နီယာများ၊ ရုံးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးတင်ထွန်းဦးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် သောက်သုံးရေများ ထောက်ပံ့ပေးနိုင်ရန် သွားရောက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။

 

အနောက်ကောက်ကုန်းကျေးရွာတွင် အများသုံးလက်တူးရေတွင်း ၁၅ တွင်းရှိသော်လည်း ၎င်းရေတွင်းများ အားလုံးသည် လွန်ခဲ့သည့် တစ်လခန့်မှစ၍ ရေခမ်းခြောက်နေသဖြင့် ရေ ၆၀ ဂါလံဆံ့ ရေကားတစ်စီးလျှင် ငွေကျပ် ၄၀ဝ၀ နှုန်းဖြင့် ဝယ်ယူသုံးစွဲနေကြရာ ဒေသခံပြည်သူများ အနေနှင့် မိသားစုဝင်ငွေနှင့် သောက်ရေသုံးရေ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

 

သို့ဖြစ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတ်ုးတက်ရေး ဦးစီးဌာနမှ ယခုကဲ့သို့ သွားရောက်ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကျေးရွာရှိ အိမ်ထောင်စု(၁၂ဝ)အတွက် အိမ်ခြေ(၂ဝ)လျှင် ယာယီရေကန် တစ်ကန်စီဖြင့် ရေကန် (၆)ကန်အား ပြုလုပ်ပေးပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဂါလံ(၈၅ဝ)ဆံ့ မီးသတ်ရေယာဉ်ဖြင့် နေ့စဉ် ရေဖြည့်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)