ကျောက်ဖြူ ၂၆ ဧပြီ
ကလေးများအားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေး၊ ကလေးများပျော်ရွှင်စေရေး၊ စာပေနှင့်ရင်းနှီး၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာပေမှရရှိလာသော အကျိုးကျေးဇူး များကို သိရှိစေရန်ရည်ရွယ်ကာ ယမန်နေ့က ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းနှင့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းကို မုဒိတာ ရေးသားသော ‘ဗိမ္ဗိသာရမင်းတို့၏ ဆွေမျိုးပြိတ္တာများ’ ရုပ်ပြ စာအုပ်ဖြင့် မဇူလှိုင်ကျော်နှင့်မပိုးသူဇာတို့ကလည်းကောင်း၊ မောင်ပိုင်သူက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ခေါင်းဆောင်သူ၏ လက္ခဏာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမျိုးအေးက ‘ဖြူစင် ခြင်းကြောင့် မြင့်မားခြင်း’ ခေါင်စဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဝင်းမာက ‘အမှောင်ပယ်ခွင်း ပညာအလင်း’ ခေါင်းစဉ်ဖြင့်လည်းကောင်း Book Club အဖွဲ့ဝင်များက အသီးသီးဆွေးနွေးခဲ့ကြသည်။
ထိုနောက် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြု လုပ်ခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား ခရိုင်ဦးစီးအရာရှိက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


