ပုဗ္ဗသီရိ ၂၆ ဧပြီ
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာတွင် ဖွင့်လှစ်ထားသော ကိုယ့်အားကိုကိုး "မိတ်ဆွေကောင်း" စာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါ စာကြည့်တိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် စာရေးဆရာ ဦးဝေလွင်(ဝေလွင်မောင်)က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာ ပြည်သူများ အနေဖြင့် ဗဟုသုတ တိုးပွားစေရန်အတွက် စာအုပ်စာပေကို ဖတ်ရှုကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံသား Mr.Richard Dare (PHD) Professor and co-founder international leadership university က အဖွင့်အမှာစ ကားပြောကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးရေးအလှူရှင် စာရေးဆရာဦးဝေလွင် (ဝေလွင်မောင်)က စာကြည့်တိုက်ဖွံ့ဖြိုးရေး အလှူငွေ ကျပ်(၁၀)သိန်းနှင့် သုတ ရသစာအုပ် ၆၅၀ အုပ်ကို လှူဒါန်းပေးအပ်ရာ စက်ကုန်းကျေးရွာ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်ပရိဘောဂနှင့် စာအုပ်စာစောင် အလှူရှင်များအား တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ပြီး စက်ကုန်းကျေးရွာ "မိတ်ဆွေကောင်း" စာကြည့်တိုက်ကော်မတီဥက္ကဌနှင့် ကော်မတီဝင်များမှ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ စာကြည့်တိုက်များသို့ သုတရသစာအုပ်များ ပြန်လည်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ယင်းနောက် "မိတ်ဆွေကောင်း" စာကြည့်တိုက်ကော်မတီဥက္ကဌ ဦးသိန်းဆွေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ "မိတ်ဆွေကောင်း" စာကြည့်တိုက်ကို ၂၀၁၀ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်၍ ကိုယ့်အားကိုကိုး ဖွင့်လှစ်ခဲ့ရာ သုတရသ စာအုပ်စုစုပေါင်း ၂၀ဝ၀ဝ ကျော်ရှိကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


