မိုးကုတ် ၂၆ ဧပြီ

 

မိုးကုတ်မြို့တွင် လက်လုက်လက်စားတွင်းများ ချထားပေးခြင်း မရှိသေးသဖြင့် ကျောက်ထွက်နှုန်း နည်းပါးလာကာ ကျောက်မျက်အရောင်းအဝယ် ဈေးကွက်မှာ သိသာစွာ အေးစက်လာကြောင်း မိုးကုတ်ထာပွဲကျောက်ကုန်သည် ပွဲစားများအဖွဲ့ထံက သိရသည်။

 

ကျောက်မျက်အရောင်းဝယ်ဈေးကွက် အေးစက်သွားရခြင်းမှာ ကျောက်မျက်ရတနာ ရှားပါးလာမှုကြောင့်နှင့် ကုန်သည်ကြီးများနှင့် ပြည်ပမှ ဝယ်ယူသူ နည်းပါးလာမှုကြောင့်အပြင် ဒေသခံများ ပိုင်ခွင့်ရှားပါးလာမှုတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

 

FB_IMG

 

“အဓိကက လုပ်ကွက်တွေ ချထားမပေးသေးတော့ ကျောက်ကအသစ်မထွက်ဘူး။ အဲ့တော့ ကျောက်က ဈေးကွက်ထဲလဲ အသစ်မရှိဘူး။  နိုင်ငံခြားသား ဝင်ရောက်ခွင့်ပေးထားပေမယ့် ဝယ်သူနည်းပါးတော့ အရောင်းအဝယ်က မဖြစ်ဘူး ” ဟု မိုးကုတ်ထာပွဲ ကုန်သည်ပွဲစားများအဖွဲ့မှ နာယကဖြစ်သူ ဦးမြတ်ထွန်း ပြောသည်။

 

မိုးကုတ်မြို့သည် ကျောက်မျက်ရတနာထွက်ရှိမှု တစ်ခုတည်းကိုသာ အားကိုးအားထားပြုရသည့် ဒေသတစ်ခုဖြစ်ပြီး  ယခုလက်ရှိတွင် ကျောက်မျက်အခြေအနေမှာ သိသာစွာအေးစက်နေမှုတို့ကြောင့် မိုးကုတ်မြို့ရှိ ထာပွဲများတွင်လည်း ရောင်းဝယ်သူနည်းပါးလာကြောင်း သိရသည်။

 

"ကျောက်ထွက်နှုန်းတွေကျတာတွေ ဈေးကွက်တွေ ကျဆင်းလာတာက အတည်မပြုနိုင်သေးတဲ့ ကျောက်မျက်ဥပဒေကြောင့်လဲ ပါတယ်။ လုပ်ကွက်တွေ ချထားပေးရင်တော့ အရင်အတိုင်းပြန်ဖြစ်လာမှာပါ" ဟု မိုးကုတ်ထာပွဲ ကုန်သည်ပွဲစားများအဖွဲ့မှ နာယကဖြစ်သူ ဦးမြတ်ထွန်း ပြောသည်။

 

မိုးကုတ်ဒေသတွင် ကျောက်အရောင်းအဝယ်နှင့် ဈေးကွက်ပြန်လည် ကောင်းမွန်လာရေးအတွက် အရည်အသွေး ကောင်းမွန်သည့် ကျောက်ကောင်းများရရှိရန် လိုအပ်နေပြီး ကျောက်ကောင်းများရရှိရန် ဒေသခံများအား တစ်နိုင်တစ်ပိုင် လုပ်ကွက်များချထားပေးမှုတွင် မူတည်နေကြောင်း မိုးကုတ်ဒေသခံများက ဆိုသည်။

 

သူရိန်လင်း

 

FB_IMG