မင်းဘူး ၂၆ ဧပြီ     

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ဧပြီ ၂၄ ရက် နံနက် ၈ နာရီခွဲက တိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းနှင့် တာဝန်ရှိသူများက လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ တိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း သည် မင်းဘူးခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးနွဲ့အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဇေလတ်တို့ လိုက်ပါ၍ မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ဌာနခွင့်ပြုရန်ပုံငွေများဖြင့် မြို့ပြစည်ပင်သာယာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သည့် မင်းဘူးမြို့၊ အမှတ်(၂) အိုးဘိုလမ်း ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုလုပ်ငန်း၊ မင်းဘူးမြို့ ပြည်သူ့ပန်းခြံအတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မင်းဘူးမြို့၊ ရွှေတပင်ရပ်ကွက် ကားကြီးကွင်း တည်ဆောက်မြေနေရာနှင့် အမှတ်(၂)ရပ်ကွက် စည်ပင်သာယာဈေးသစ် တည်ဆောက်နေမှုလုပ်ငန်း၊ မြို့မစည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံရေးနှင့် ဈေးတွင်းဈေးပြင် သန့်ရှင်းသပ်ရပ်မှု စီမံဆောင်ရွက်မှု အခြေအနေများနှင့် မင်းဘူးမြို့၊ နဂါးပွက်တောင်လမ်းအား ဒေသခံပြည်သူများနှင့် ဘုရားဖူးခရီးသွား ဧည့်သည်များ ရာသီမရွေးသွားလာမှု အဆင်ပြေစေရန် နှစ်လမ်းသွား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဌာနခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရန်နှင့် ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

 

 

ထို့နောက် တာဝန်ရှိသူများက မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းအမျိုးအစားအလိုက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပြီးစီး နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း က  ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် လိုအပ်သည်များနှင့် စည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေး အထူးသတိပြု ဆောင်ရွက်သွားရန် ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)