စစ်တွေ ၂၆ ဧပြီ
ရခိုင်ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယနေ့ အခမ်းအနားသည် ရခိုင်ပြည်နယ်အတွက် အမှန်တကယ် လိုအပ်နေသော ဥပဒေနှင့် ပတ်သက်သည့် ရုံးတစ်ရုံးကို ဖွင့်လှစ်နိုင်ခြင်းသည် ပြည်နယ်သူ၊ ပြည်နယ်သားများအတွက် အလွန်အကျိုးရှိပြီး မင်္ဂလာရှိသော အခမ်းအနား တစ်ခုဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်အတာဖြင့် နိုင်ငံတော်အစိုးရက ရုံးများ ဖွင့်လှစ်နိုင်အောင် ဥပဒေရေးရာ နှင့်ပတ်သက်ပြီး ပြည်သူများအတွက် အကျိုးရှိမည့် အကာအကွယ် ပေးနိုင်မည့် လုပ်ငန်းများကို လုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေရုံးများ ပေါ်ပေါက်လာပြီး တာဝန်ယူဆောင်ရွက်မည့် တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် တာဝန်ကျေကျေ ဆောင်ရွက်ပေး သွားမည်ဆိုလျှင် နိုင်ငံတော်အစိုးရနှင့် အားလုံးက မျှော်လင့်ထားသည့် မျှော်လင့်ချက်များ၊ ရည်မှန်းချက်များသည် ပြည့်ပြည့်ဝ၀နှင့် အောင်အောင်မြင်မြင်ဖြင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူများ၏ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များ ပြည့်ပြည့်ဝ၀ ရရှိအောင် ဆောင်ရွက်ပေးနိုင်ကြရန်လည်း မျှော်မှန်းပါကြောင်း၊ ဥပဒေနှင့်ဆက်စပ် သက်ဆိုင်နေကြသော အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ကလည်း တတ်နိုင်သလောက် ဝိုင်းဝန်ကူညီ ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းလိုလိုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အတူ လိုအပ်သည့် ဥပဒေများပြဌာန်းရေးဆွဲပြီး အုပ်ချုပ်ရေးပိုင်း၊ ဥပဒေပြုရေးပိုင်းနှင့် တရားစီရင်ရေးပိုင်းများစသည့် ကဏ္ဍကြီးများကို ပေါင်းစပ်ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကဏ္ဍကြီးသုံးရပ်သည် ဒေါက်တိုင်းကြီး သုံးရပ်သဖွယ် တစ်ခုနှင့်တစ်ခု ချိန်ညှိ ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ထိုကဏ္ဍကြီး သုံးရပ်သည် တစ်ခုနှင့်တစ်ခု ချိန်ညှိပြီး ဆောင်ရွက်နိုင်မည်ဆိုလျှင် မိမိတို့နိုင်ငံ မိမိတို့ပြည်နယ်သည် တည်ငြိမ်အေးချမ်းမှု တရားဥပဒေ စိုးမိုးမှုနှင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခု၊ ပြည်နယ်တစ်ခု၊ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အတွက်လည်း တရားဥပဒေစိုးမိုးမှုနှင့် တရားစီရင်ရေးကဏ္ဍ အပါအဝင် ဥပဒေပြုရေးကဏ္ဍ များတွင်လည်း ပိုမိုးတိုးတက်အောင်မြင်မှုများ ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်က အမှာစကား ပြောကြားပြီး ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာအား ဖတ်ကြားကာ အဖွဲ့၏ လုပ်ငန်းရပ်ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘကျော်ထံသို့ ဥပဒေစာအုပ်များကို လှူဒါန်းရာပြည်နယ် ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်း ဖွင့်လှစ်ထားသည့် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးခန်းများ အားလှည့်လည်ကြည့်ရှု ကြသည်။
သတင်းနှင့်ဓာတ်ပုံ - တင်ထွန်း(ပြန်/ဆက်)


