နေပြည်တော်    ၂၆   ဧပြီ

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၉၄) ရဲသီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး နှင့်ဇနီး၊ ဒုတိယရဲချုပ်(၂)(လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ်အောင်နိုင်သူနှင့်ဇနီး၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်း ဒုတိယကျောင်း အုပ်ကြီး၊ ဖိတ်ကြားထားသူများ၊ တာဝန်ရှိသူများနှင့် သင်တန်းဆင်းအရာရှိလောင်းများ၏ မိဘ ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာမြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ဒုတိယ ရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးသည်။

 

ယင်းနောက် ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုပြီး ရဲချုပ်က အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း နေမျိုးလွင်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း အောင်အောင်၊ ကွန်ပျူတာ ဘာသာရပ်ထူးချွန်ဆရ ဒုတိယရဲအုပ်လောင်း ထွန်းထွန်းဝင်း၊ အင်္ဂလိပ်စာ ဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ညီညီမျိုး၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း မင်းမင်းဦး တို့အား ဆုများ ချီးမြှင့်သည်။

 

ထို့နောက် ရဲချုပ်က အမှာစကားပြောကြားရာတွင် သင်တန်းဆင်းအရာရှိငယ်များ အနေဖြင့် သင်ကြားပေးလိုက်သည့် သင်ခန်းစာဘာသာရပ်များကို အခြေခံကာ လက်တွေ့နယ်ပယ်၌ ထပ်မံ ရရှိသော အတွေ့အကြုံများကို မိမိ၏ ကိုယ်ပိုင်အရည်အချင်း၊ ထိုးထွင်းဉာဏ်တို့နှင့် ပေါင်းစပ်ပြီး ကျွမ်းကျင်မှုရှိရှိဖြင့် တိုးတက်နေအောင် စဉ်ဆက်မပြတ် ကြိုးစားလုပ်ကိုင်သွားရန်၊

ပြည်သူများ၏ဘဝ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များ၊ လုပ်ငန်းတာဝန်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရာတွင် ပြည်သူနှင့် လက်တွဲပြီး ထိရောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါး အန္တရာယ်သည် လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးကို ထိခိုက်စေသည့်အပြင်  ကိုယ်ကျင့်တရား ပျက်ပြားပြီး ကြီးမားသော မှုခင်းများ၊ ဒုစရိုက်မှုများကျူးလွန်လာကာ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသောကြောင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မှတ်ယူပြီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရန်၊ တိုးတက်ပြောင်းလဲနေသော နည်းပညာခေတ်တွင် ခေတ်မီရဲတပ်ဖွဲ့ဖြစ်အောင် နည်းပညာများမြှင့်တင်ဆောင်ရွက်စေလျက်ရှိရာ ခေတ်မီတိုးတက်နေသည့်  နည်းပညာကို ကျွမ်းကျင်စွာအသုံးချပြီး ပြစ်မှုတားဆီးနှိမ်နင်းရေး၊ ရဲလုပ်ငန်းသွက်လက် ထက်မြက်စေရေးတို့အတွက် အရည်အသွေးပြည့်ဝအောင် စဉ်ဆက်မပြတ် ဆည်းပူးလေ့လာကြရန်၊ မိမိတို့၏ ကျရာကဏ္ဍမှ ပေးအပ်သော တာဝန်များအား ဦးလည်မသုန် ထမ်းရွက်သွားမည်ဆိုသည့် သန္နိဋ္ဌာန်ချကာ တပ်ဖွဲ့၏ ဂုဏ်ကိုမြှင့်တင်နိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် တို့ကို တိုက်တွန်းမှာကြားသည်။

 

အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၉၄)ရဲသီဟ တပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား (၂၉၅)ဦး၊ အကျဉ်းဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး အဆင့်(၁)အမျိုးသား (၁၀)ဦး၊ စုစုပေါင်း (၃၀၅)ဦးတို့ သင်တန်းဆင်းခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)