ပုဂံ ၂၆ ဧပြီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ကျေးရွာအုပ်စု ၉၁ အုပ်စု ကျေးရွာပေါင်း ၂၂ဝ ရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေး၊ မွေးမြူများကို လုပ်ကိုင်ကြသလို မိမိတို့တတ်ကျွမ်းသော လက်မူပညာများဖြင့် တောင်ယာသုံးပစ္စည်းများ၊ ပန်းချီ၊ ပန်းပုများကို ပြုလုပ်ရောင်းချလျက်ရှိပြီး လက်မှုပညာတစ်ခုဖြစ်သည့် ပုသိမ်ထီးအလှဆင် ရောင်းချမှုကို နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားစွာဖြင့် လာရောက် လေ့လာကာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ ပုဂံညောင်ဦးဒေသဟာ ရှေဟောင်းအမွေအနှစ်များစွာ တည်ရှိတဲ့ မြို့နယ်ဖြစ်တာကြောင့် နေ့စဉ်ဘုရားဖူးခရီးသွားပြည်သူများ နိုင်ငံခြားသားခရီးသွားများက ပုဂံညောင်ဦးဒေသကို လာရောက် လေ့လာကြပါတယ်။ လာရောက်တဲ့အခါ ဒီဒေသထွက်ပစ္စည်းများကို ဝယ်ယူလေ့လာတတ်ကြပါတယ်။ ကျွန်တော် ရောင်းချနေတဲ့ ပုသိမ်ထီးများကိုလည်း လာရောက်လေ့လာကြသူများပါတယ်” ဟု ပုသိမ်ထီး အလှဆင်ရောင်းချ နေသောဆိုင်ရှင် ကိုနိုင်လင်းက ပြောသည်။
အဆိုပါ ပုသိမ်ထီးများကို ရောင်းဈေးရောင်းအားအနေဖြင့် ပုသိမ်ထီးအသေး အကြီးတစ်လတ်ကို ငွေကျပ် ၃ဝဝဝ မှ ကျပ် ၇ဝဝဝဝ အထိရှိပြီး ရောင်းအားအကောင်းဆုံးလဟာ နှစ်စဉ် ၃ လပိုင်းကနေ ၁ဝ လပိုင်းအထိ ဘုရားဖူးဧည့်သည်များ၊ နိုင်ငံခြားသား ဧည့်သည်များ၊ အများဆုံး လာရောက်လေ့လာဝယ်ယူလျက်ရှိကြောင်း သိရသည်။
ကျော်ကျော် (မလှိုင်)


