ညောင်ဦး ၂၆ ဧပြီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုအတွင်းရှိ ကျေးရွာများ နွေရာသီပြောင်းဖူးစိုက် တောင်သူများ ငမြှောင်တောင်ပိုး ကျရောက်ခြင်းကြောင့် ပြောင်းဖူးစိုက် တောင်သူများ၏ ပြောင်းဖူးခင်းများပျက်စီးကာ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုအတွင်းရှိ ကျေးရွာများသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးများသာ စိုက်ပျိုးကြကာ တစ်နှစ်လျှင် လေးကြိမ်အထိ စိုက်ကြောင်း၊ အချို့တောင်သူများ မြစ်ရေတင်ရေဖြင့် စိုက်ပျိုးကြပြီး အချို့တောင်သူများ မြေအောက်ရေဆယ်ယူကာ ရေသွင်းစိုက်ပျိုးခြင်းဖြင့် ပြောင်းဖူးများ စိုက်ပျိုးကြကြောင်း သိရသည်။
အဆိုပါ ပြောင်းဖူးစိုက်တောင်သူများသည် ထွက်ရှိလာသည့် ပြောင်းဖူးများအား ပွဲစားများမှတစ်ဆင့် ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်းနှင့် အနီးပတ်ဝန်းကျင်မြို့များဖြစ်သည့် ပခုက္ကူ၊ ညောင်ဦး၊ ပုဂံ၊ ငါ့သရောက်မြို့များသို့ တင်ပို့ရောင်းချခြင်း၊ ပွဲစားများဆင်းလာကာ ဝယ်ယူရောင်းချခြင်းများ၊ ကားလမ်းဘေးတွင် တဲထိုးရောင်းချခြင်းများနှင့် ပလင်းကမ်းသာယာ ဆင်စခန်းမှ လာရောက်ဝယ်ယူခြင်းများဖြင့် ရောင်းချအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုနှစ်ဆောင်းရာသီအစမှာပင် ငမြှောင်တောင်ပိုး ကျရောက်ခြင်းကြောင့် သစ်ထောင့်ကျေးရွာ ပြောင်းဖူးစိုက် တောင်သူများ ပြောင်းဖူးခင်းအားလုံးပျက်စီးဆုံးရှုံးမှုဖြင့် ရင်ဆိုင်ခဲ့ရကြောင်း ယခုနွေရာသီစိုက် ပြောင်းဖူးခင်းများ လည်း ငမြှောင်တောင်ပိုးကျရောက်ခဲ့ကာ လက်ရှိပြောင်းခင်းများ ပျက်စီးကုန်ကြောင်း၊ စိုက်ပျိုးထားသည့် သကြားပြောင်းဖူး၊ အစေးပြောင်းဖူးများ အရည်အသွေး ကျဆင်းကာ မရောင်းကြရခြင်းကြောင့် နွေရာသီပြောင်းဖူးစိုက် တောင်သူများ အရှုံးနှင့်ရင်ဆိုင်ရကာ ပြောင်းဖူးပင်များ နွားစာစဉ်းကျွေးလျှင်လည်း နွားများဝမ်းလျှောခြင်းကြောင့် ရိတ်မကျွေးရဲကြောင်း၊ တစ်နှစ်လျှင် လေးသီးအထိ ပြောင်းဖူးစိုက်ပျိုးရောင်းချသည့် ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ပြောင်းဖူးစိုက်တောင်သူများ တွက်ခြေမကိုက်ပဲ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


