ပြင်ဦးလွင် ၂၆  ဧပြီ

 

တာဝန်ခံမှုရှိသော သုတေသနဆောင်ရွက်ခြင်းနှင့် သုတေသနကျင့်ဝတ်ဆိုင်ရာ သင်တန်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ  )၌ ကျင်းပသည်။

 

ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

 

ယင်းနောက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံတစ်ခုလုံး အတိုင်းအတာဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရန်မှာ ကဏ္ဍစုံမှ ပညာရှင်များအနေဖြင့် သုတေသနများပြုလုပ်ခြင်းနှင့် သုတေသနရလဒ်များကို လက်တွေ့အသုံးချဆောင်ရွက်ခြင်းမှာ အထူးအရေးကြီးပါကြောင်း။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ ဝန်ကြီးဌာနရှိ ဦးစီးဌာနအားလုံးမှ သုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် အတွက် ဘဏ္ဍာငွေများခွင့်ပြုချထားပေး ခဲ့ရာ (၂၀၁၇-၂၀၁၈) ခုနှစ် ဘဏ္ဍာနှစ်တွင် ငွေကျပ်  သန်း (၁၀ဝ၀)ဖြင့် သုတေသန (၂၆၃)ခု၊ (၂၀၁၈) ခုနှစ် (၆)လ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း (၅၀ဝ) ဖြင့် သုတေသန (၂၁၅)ခု ဆောင်ရွက်ခဲ့ပြီး (၂၀၁၈-၂၀၁၉) ခုနှစ် ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း (၁၅၀ဝ) သတ်မှတ်ချထားပေးခဲ့ကာ လာမည့်နှစ်များတွင်လည်း ဘဏ္ဍာငွေများ ပိုမိုခွင့်ပြုချထား ပေးသွားမည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနအသီးသီးတွင် သုတေသန လုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိပါကြောင်း၊ ကျင့်ဝတ်ဂုဏ်သိက္ခာမြင့်မား ခိုင်မာသော သုတေသနများ ဖြစ်စေရေး စောင့်ကြည့်ရေးအဖွဲ့ (office of research integrity) ကိုလည်း ဆေးသုတေသန ဦးစီးဌာနတွင် ဖွဲ့စည်းဆောင်ရွက် သွားစေလို ပါကြောင်း။

 

သုတေသနလုပ်ငန်းများ အသုံးချဆောင်ရွက်ခြင်းဖြင့် အဖွဲ့အစည်း၊ ဌာနနှင့် နိုင်ငံအတွက်ပါ အထူးအကျိုးရှိစေရုံသာမက သုတေသနဆောင်ရွက်သူတစ်ဦးချင်း အတွက်လည်း နောက်ဆုံး ပေါ်ကျွမ်းကျင်မှုဆိုင်ရာ နည်းပညာ အချက်အလက်များသိရှိနိုင်ခြင်း၊ သမားရိုးကျမှ ထိုးထွင်းဖောက်ထွက် တွေးခေါ်နိုင်ခြင်း၊ ရှုထောင့်မျိုးစုံမှ စဉ်းစားဖြေရှင်းနိုင်ခြင်း၊ ပညာရပ်ဆိုင်ရာ အတွေးအမြင်မြင့်မားခြင်း၊ ဆန်းစစ် သုံးသပ်တွေးခေါ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကိုပါ ရရှိစေမည်ဖြစ်ပါကြောင်း၊ ဆေးသုတေသနဦးစီးဌာနအနေဖြင့် သုတေသနဆိုင်ရာ စီမံခန့်ခွဲမှုလေ့ကျင့် သင်ကြားရေးလမ်းညွှန်နှင့် အခြားရေးဆွဲ ထားရှိသောလမ်းညွှန်စာအုပ်များကို ခေတ်နှင့်အညီ ပြုပြင်မွမ်းမံ ရေးဆွဲဆောင်ရွက်သွားစေလိုပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့သည် အပြန်အလှန်ချိတ် ဆက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းစွာဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်သွား ရန်ဖြစ်ပါကြောင်း၊ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)တွင် သုတေသနဆိုင်ရာ သင်ကြားလေ့ကျင့်မှုဌာနကြီး အဖြစ်ပေါ်ပေါက်လာရေးကိုလည်း ဆက်လက်ဆောင်ရွက်သွား ရန်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက သုတေသနလုပ်ငန်းများသည် တက္ကသိုလ်များ၏ အသက်သွေးကြော သဖွယ်ပင် ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှု များကို အကျိုးရှိထိရောက်ပြီး လက်တွေ့ဘဝနှင့် ကိုက်ညီအပ်စပ်စေရန်အတွက် လိုအပ်သော သုတေသနများ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ပညာရေး ဝန်ကြီးဌာနအနေဖြင့် သုတေသန လုပ်ငန်းများကို အားပေးမြှင့်တင်ပေးလျက်ရှိပြီး သုတေသနဂျာနယ်များတွင်ပါရှိအောင် သုတေသနပြုလုပ်ရေးသားနိုင်သော တက္ကသိုလ် ဆရာ/ ဆရာမများကို ရာထူးတိုးမြှင့် ရာတွင် ဦးစားပေးလျက်ရှိပါကြောင်း၊

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ (၂၀၁၆) ခုနှစ်မှ (၂၀၁၈) ခုနှစ်အတွင်း သုတေသနစာတမ်းအမျိုးမျိုး ၁၀၆၀၅ စောင်ကို နိုင်ငံတကာနှင့် ပြည်တွင်း သုတေသနဂျာနယ်များတွင် ထည့်သွင်းဖော်ပြနိုင်ခဲ့ပါကြောင်း၊ သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူမှုအသိုင်းအဝိုင်း၏ လိုအပ်ချက်၊ ဒေသ၏ လိုအပ်ချက်၊ နိုင်ငံတော်အတွက် အရေးတကြီး လိုအပ်ချက်များကို ဦးစားပေး လုပ်ဆောင်ရန် လိုအပ်သည်သာမက နိုင်ငံတကာအဆင့်အတန်းမီ သုတေသနများ လုပ်ဆောင်ရန် လိုအပ် ပါကြောင်း၊

 

နိုင်ငံတော်နှင့် ပြည်သူ့အကျိုးရှိရေးအတွက် သုတေသနလုပ်ငန်းများကို ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရန် စတင်ဆောင်ရွက်သော ယခုသင်တန်းသည်လည်း သမိုင်းမှတ်တမ်းတစ်ခုပင် ဖြစ်ပါကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းဆွေးနွေးပွဲကို ဧပြီ (၂၃) ရက်မှ (၂၆) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာန အသီးသီးမှ သုတေသီများ၊ ပညာရှင်များ၊ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ကြီးဌာနမှ ဒုတိယပါမောက္ခချုပ်များနှင့် တွဲဖက်ပါမောက္ခများ  တက်ရောက်ခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ခုတင်(၂၀ဝ) ဆံ့ စိတ်ကျန်းမာရေးဆေးရုံကြီး (မန္တလေး) နှင့် ခုတင် (၅၀)ဆံ့ မူးယစ်ဆေးစွဲ ရောဂါကုဆေးရုံတို့သို့ သွားရောက်၍ပြင်ပလူနာဌာနများ၊ လူနာဆောင်များ၊ ဆေးပေးကောင်တာများ၊ ဆေးစတိုများ နှင့် မူးယစ်ဆေး အစားထိုး မက်သဒုံးတိုက်ကျွေးသည့်ဌာနများကို လှည့်လည်ကြည့်ရှုသည်။

 

mdn

 

ထို့နောက် စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် မူးယစ်ဆေးစွဲရောဂါကုဆေးရုံတို့မှ ဆေးရုံအုပ်ကြီး၊ ပါမောက္ခများ၊ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ အထောက်အကူပြု ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဆေးရုံအုပ်ကြီးက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

(သတင်းစဉ်)