မလှိုင် ဧပြီ ၂၆
မလှိုင်မြို့တွင် နှစ်(၁၀ဝ)ပြည့် ကဆုန်ညောင်ရေသွန်းပွဲတွင် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းလောင်းပွဲနှင့် ရာပြည့် မော်ကွန်း စိုက်ထူခြင်းတို့အပြင် ရာပြည့်မဂ္ဂဇင်းထုတ်ဝေခြင်း၊ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း အစရှိသည်တို့ဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"မလှိုင်မြို့မှာ ကဆုန်ညောင်ရေသွန်းပွဲကို နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓရှင်တော်မြတ်ကိုယ်စား ပရိဘောဂစေတီအဖြစ် ကဆုန်လပြည့်နေ့မှာ ရဟန်းရှင်လူ ပြည်သူပြည်သားတို့မှ ရေစင်ရေအေး အမွှေးနံသာတွေ သွန်းလောင်းပူဇော် လေ့ရှိပါတယ်။ ဒီနှစ်ကဆုန်လပြည့်နေ့မှာ သွန်းလောင်းလှူမယ့် ကဆုန်ညောင်ရေသွန်းပွဲဟာ နှစ်တစ်ရာပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မလှိုင်မြို့ရှိ ရွှေမုဋ္ဌောစေတီတော်ကြီးကို ရွှေသင်္ကန်း၊ ရွှေပြားလုံးတော်ပြည့် ကပ်လှူပူဇော်ပြီး ရွှေဖူးတော်အသစ် စိန်ဖူးတော် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကိုလည်း ၁၃၈၁ ကဆုန်လပြည့်နေ့မှာ ကပ်လှူပူဇော်သွားမှာဖြစ်ပါတယ်။ အလွန်တစ်ရာ ကြုံကြိုက်ခဲလှတဲ့ ရာပြည့်က ဆုန်ညောင်ရေသွန်းပွဲ ပူဇော်ပွဲကို ထူခြားလေးနက်စွာနဲ့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ကျေးဇူးဆပ်တဲ့ ကျေးဇူးသိတတ်တဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသားကောင်း အမျိုးသမီးကောင်းများအဖြစ် လူတိုင်းကိုယ်စီ ပါဝင်ကုသိုလ် ပြုနိုင်ဖို့အတွက် လာမဲ့ ကဆုန်လပြည့်နေ့မှာ စည်စည်ကားကားနဲ့ ပြုလုပ်သွားဖို့ အစည်းအဝေးများလည်း ပြုလုပ်ပြီး ဖြစ်ပါတယ်။"ဟု မလှိုင်မြို့နယ် ရာပြည့်ကဆုန်ညောင်ရေသွန်းပွဲ ပြုလုပ်မည့် အကြောင်းအရာများကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက ရှင်းပြသည်။
၁၃၈၁ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်နေ့ မေ ၁၆ ရက်တွင် သာသနာ့အောင်လံတော်တင် မင်္ဂလာအခမ်းအနားနှင့် ရာပြည့် ကဗ္ဗည်းမော်ကွန်းကျောက်စာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကဆုန်လဆန်း(၁၄)ရက် မေ ၁၇ရက်တွင် ရွှေမုဋ္ဌောစေတီတော်ကြီး၏ ဗောဓိညောင်ပင်တွင် မလှိုင်တစ်မြို့လုံးတွင်ရှိသော ဆရာတော်၊ သံဃာတော်အပါးသုံးရာအား ပင့်ဖိတ်ပြီး ဗုဒ္ဓပူဇာမင်္ဂလာအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မေ ၁၈ ရက် ကဆုန်လပြည့်နေ့တွင် လုံးတော်ပြည့် ရွှေသင်္ကန်း ရွှေပြားကပ်လှူပူဇော်ပြီး ရွှေမုဋ္ဌောစေတီတော်ကြီးကို ထီးတော်အသစ် ငှက်မြတ်နားတော်အသစ်နှင့် ပြန်လည်မွမ်းမံ့ပြီး စိန်ဖူးတော် ကပ်လှူပူဇော်မည်ဖြစ်ကြောင်း၊ ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ပွဲ မင်္ဂလာအခမ်းအနားနှင့် ဗောဓိပင်ညောင်ရေသွန်းပွဲမင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးငွေဒိုးက ပြောခဲ့သည်။ မေ ၁၉ ရက်တွင် နှစ်တစ်ရာပြည့် ကဆုန်ညောင်ရေသွန်းပွဲ အောင်ပွဲအထိမ်းအမှတ်အဖြစ် မြို့လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မလှိုင်မြို့နယ်တွင် ကဆုန်ညောင်ရေသွန်းပွဲအား နှစ်စဉ် ခမ်းနားစွာကျင်းပခဲ့ပြီး ကဆုန်ယိမ်းအကအလှဖြင့်လည်း ဖျော်ဖြေလေ့ရှိသည်။ ယခင်နှစ်တွင် ကဆုန်ညောင်ရေသွန်းပွဲကို မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ် ရာပြည့် အထိမ်းအမှတ်တွင် သံသနာ့အောင်လံတင် မင်္ဂလာအခမ်းအနား၊ ရာပြည့် ကဗ္ဗည်းမော်ကွန်း ကျောက်စာဖွင့်ပွဲ အခမ်းအနား၊ ဗုဒ္ဓပူဇာမင်္ဂလာ အခမ်းအနား၊ ရွှေသင်္ကန်း ရွှေပြားကပ်လှူခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ ထီးတော်အသစ်၊ ငှက်မြတ်နားတော်အသစ်၊ စိန်ဖူးတော်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ပွဲ မင်္ဂလာ၊ ကဆုန်ညောင်ရေသွန်းပွဲ မင်္ဂလာ၊ အောင်ပွဲမင်္ဂလာနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ရာပြည့်မဂ္ဂဇင်းထုတ်ဝေခြင်းများအပြင် ကဆုန်ညောင်ရေ ယိမ်းအဖွဲ့များဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်သည်။
ဘိုဘို(မလှိုင်)


