ဘားအံ ၂၇ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံအကျဉ်းထောင်နှင့် လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း တို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားနှင့် နိုင်ငံခြားသားအကျဉ်းသားများအား ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် ဧပြီ ၂၇ ရက်က လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့လွှတ်ပေးခြင်းမှာ ဧပြီလအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ဘားအံအကျဉ်းထောင်မှ နိုင်ငံသား အကျဉ်းသား (၁၃၄)ဦး၊ အကျဉ်းသူ(၃၄)ဦး၊ နိုင်ငံခြားသားအကျဉ်းသား(၁)ဦး၊ ဘားအံမြို့နယ် လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း မှ နိုင်ငံသား အကျဉ်းသား(၅၈)ဦး၊ စုစုပေါင်း(၂၂၇)ဦးအား လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အကျဉ်းသား၊ အကျဉ်းသူများအား တာဝန်ရှိသူများက ၎င်းတို့ရရှိမည့် စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်တို့ကို တွက်ချက်၍ အသီးသီးထုတ်ပေးခဲ့ကြောင်းလည်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


