ကျုံပျော် ၂၇ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှုမရှိစေရန် ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံခြင်းကို မေ ၁ ရက်မှ စတင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆွေမူဟန်က "ဒီရောဂါက သတ္တဝါတွေအားလုံးမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အိမ်မွေး တိရစ္ဆာန်လေးတွေကို ချစ်ရင် ရောဂါကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။ ဒီလိုထိုးထားတဲ့ တိရစ္ဆာန် အကိုက်ခံရတဲ့ လူတွေမှာလည်း ရောဂါကူးစက်နိုင်မှု မရှိတဲ့အတွက် လူတွေရဲ့အသက်ကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။ နောက်ပြီး ဒီရောဂါက သွေးကသွားတဲ့ ရောဂါမဟုတ်ဘဲ အာရုံကြောက သွားတဲ့ရောဂါဖြစ်တဲ့အတွက် အကိုက်ခံရတဲ့နေရာက ဦးနှောက်နဲ့ဝေးရင် လက္ခဏာပြတာနှေးပြီး၊ ဦးနှောက်နဲ့နီးရင် လက္ခဏာပြတာမြန်ပါတယ်။ ဒါကြောင့် ခွေးရူးအကိုက်ခံရရင် (၁၄)ရက်(၁၅)ရက်မှာ ရောဂါစပြတာရှိသလို နှစ်နဲ့ချီပြီးမှ ပြတတ်တာတွေလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ခွေးရူးကိုက်လိုက်တာနဲ့ ရောဂါပိုးက ခန္ဓာကိုယ်ထဲမှာ ရှိသွားပြီဖြစ်တဲ့အတွက် တစ်နေ့တစ်ချိန်မှာ ရောဂါကပြလာမှာ အသေအချာဖြစ်တဲ့အတွက် သေဒဏ်အပေးခံရသလိုပဲ ဘယ်နေ့သေမလဲ ဆိုတာကို စောင့်နေရသလိုပါပဲ။ ဒါကြောင့် မိမိနဲ့တကွ သတ္တဝါအားလုံးကို ခွေးရူးရောဂါကြောင့် အသက်မဆုံးရှုံးစေဖို့အတွက် ကာကွယ်ဆေးကို ထိုးထားကြဖို့ လိုအပ်ပြီး၊ အခု မေ ၁ ရက် မှာဆောင်ရွက်ပေးမယ့် အခမဲ့ထိုးနှံရာမှာလည်း ရုံးကိုလာရောက်ထိုးနှံပေးကြဖို့ တိုက်တွန်းလိုပါတယ်" ဟုပြောကြားပါသည်။
အဆိုပါကာကွယ်ဆေးများကို အောင်ဆန်းရပ်ကွက်နှင့် ပင်လုံရပ်ကွက်အတွက် ဆေးအလုံးရေ (၂၀ဝ)၊ တေဇရပ်ကွက်နှင့် ပင်လုံရပ်ကွက်အတွက် ဆေးအလုံးရေ(၁၀ဝ)၊ စုစုပေါင်းဆေးအလုံး(၃၀ဝ) အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)


