နေပြည်တော် ၂၇ ဧပြီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ် အကြောင်းတို့အား ပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ်ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။

 

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၆ ရက်တွင် နံနက် ၉ နာရီ မှ ၁၂ နာရီ ထိ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ မြို့မဈေးရှေ့တွင် မှုခင်းအသိပညာပေးပြခန်းယာဉ် ပြသခဲ့ရာ ကျောက်တန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၄၁)မှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၅၄)မှ တပ်ဖွဲ့ဝင်များ၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(၆)မှ တပ်ဖွဲ့ဝင်များ မှ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းအသိပညာပေး ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု စုစုပေါင်း ၁၆၀ ဦးခန့် လာရောက် ကြည့်ရှုလေ့လာခဲ့သည်။

 

အလားတူ ဒီးမော့ဆိုမြို့နယ်၊ တနန်းအုကွိုင်ကျေးရွာ၊ ကသလစ်ဓမ္မာရုံတွင်လည်း ဧပြီ ၂၆ ရက် နံနက် ၉ နာရီမှ ၁၂ နာရီ ထိ ကျင်းပပြုလုပ်သည့် နွေရာသီကက်သလစ် လူငယ်အမြင်ဖွင့် သင်တန်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ ရဲမှူး ဝင်းနိုင် က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် အကျိုးအပြစ်များ၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ ဟောပြောပွဲသို့ လူငယ်ခေါင်းဆောင် ဦးမျိုးအောင် နှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့ကြပါသည်။

 

အလားတူ ယင်းနေ့ နေ့လယ် ၁ နာရီမှ ၄ နာရီထိ လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်၊ နှစ်ခြင်းအသင်းတော်၊ လူငယ်သင်တန်းခန်းမဆောင်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ ရဲမှူး ဝင်းနိုင် က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် အကျိုးအပြစ်များ၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ ဟောပြောပွဲသို့ ကျောင်းအုပ် ဆရာကြီး ဦးစောဆာမူးလာ နှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ(Central Committee for Drug Abuse Control- CCDAC) မှသိရသည်။

 

MDN

 

5864708