နေပြည်တော် ၂၇ ဧပြီ

 

မန္တလေးမြို့ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် (၈)နာရီက ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်း ဆရာများ အရည်အသွေးမြှင့်တင်ရေး သင်တန်းသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ ဆွေးနွေးမှာကြားသည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းမော်က အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့်တင်ရေးသင်တန်း အစီရင်ခံစာများကို တင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုမှစတင်၍ ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာတွင် အခြေခံပညာကဏ္ဍကို အများဆုံး ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးဆောင်ရွက်နေပါကြောင်း၊ ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာဆရာမများ၏ အရည်အသွေးများကို ပိုမိုမြှင့်တင်ပေးခြင်းအားဖြင့် အရည်အသွေးမြင့်မား၍ ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများကို ပိုမိုမွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် (KG+12) သူငယ်တန်း + တစ်ဆယ့်နှစ်တန်း ပညာရေးအတွက် ဘာသာစုံသင်ရိုးစာအုပ်များ အကုန်ပြီးစီးမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ မူလတန်းပြဆရာ ဆရာမများအားလုံးကို (Grade-3) တတိယတန်းသင်တန်း၊ အလယ်တန်းပြ ဆရာဆရာမများ အားလုံးကို(Grade-6) ဆဋ္ဌမတန်း သင်တန်းများပေးနေပါကြောင်း၊ လာမည့် ၂၀၂၀ ခုနှစ်တွင်လည်း မူလတန်းပြ အားလုံးကို (Grade-4) စတုတ္ထတန်းသင်တန်း၊ အလယ်တန်းပြဆရာ ဆရာမများအားလုံးကို (Grade-7) သတ္တမတန်းသင်တန်းနှင့် အထက်တန်းပြဆရာ ဆရာမများအားလုံးကို (Grade-10) ဒသမတန်းသင်တန်းများ ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် မိမိတို့၏ အင်္ဂလိပ်စာ၊ အိုင်စီတီကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှု အရည်အသွေး မြင့်မားရေးတို့ကိုလည်း အမြဲမြှင့်တင် ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန်နားလည်ရေး၊ လေးစားတန်ဖိုးထား၍ ကူညီဖြည့်ဆည်း ဆောင်ရွက်တတ်ရေး၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက်အသုံးပြု၍ စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးပူးပေါင်း၍ ကျောင်းသားကျောင်းသူများ ဆေးလိပ်၊ အရက်နှင့် ကွမ်းယာ၊ မူးယစ်ဆေးဝါးများ ကင်းစင်ရေး၊ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးမှစ၍မျိုး ဆက်ပွားကျန်းမာရေးနှင့် ရင်ခွင်မဲ့ကလေးများ၊ ကျန်းမာသော ဘဝစတိုင် စသည့်အသိပညာရပ်များကို လေ့ကျင့်သင်ကြားပေးကြရမည် ဖြစ်ပါကြောင်း၊ အရည်အသွေး မြင့်မားသောပညာရေး စနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ပညာရေး မိသားစုများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း  “Survey of Improvements and Challenges in Basic Education”  ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။ ယင်းနောက် သင်တန်းကိုအစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၂၆ ရက်နံနက်တွင် ပြင်ဦးလွင်မြို့ရှိ မော်တော်ယဉ် နည်းပညာသုတေသနဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) နှင့် မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ကထိကများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ပညာရေးမိသားစုများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများ၊ အခက်အခဲ၊ အားနည်းချက် အားသာချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

1