ရန်ကုန် ၂၇ ဧပြီ
တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ရှိသည့် တမံကြီးများ၏ လုံခြုံစိတ်ချရမှု၊ ခိုင်ခံ့တည်ငြိမ်မှု၊ သဘာဝပတ်ဝန်းကျင် စီးပွားရေးနှင့် လူမှုပတ်ဝန်းကျင်တို့အပေါ် အကျိုးသက်ရောက်မှုများအား လေ့လာသုတေသနရလဒ်များ ဖော်ထုတ်ပေးခြင်း၊ အကြံပြုခြင်းတို့အပါအဝင် စွမ်းရည်မြင့်မားတိုးတက်မှု၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအတွက် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီက အထူးအလေးထား ဆောင်ရွက်ပေးစေလိုပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
အဆိုပါလုပ်ငန်းစဉ်များသည် ရေလှောင်တမံတည်ဆောက်မှုအပေါ် ဖြစ်ပေါ်လျက်ရှိသည့် ပြည်သူတို့၏ စိုးရိမ်ပူပန်မှုကို လျော့ပါးစေနိုင်မည်ဖြစ်သည့်အတွက် တမံများတည်ဆောက်ထိန်းသိမ်းနေသည့် ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် အထွေထွေညီလာခံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။
အထွေထွေညီလာခံသို့ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ နာယကအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ အသင်းသားများ စုံညီစွာတက်ရောက်ကြသည်။
အထွေထွေညီလာခံတွင် ကော်မတီနာယက ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဖွင့်အမှာ စကားပြောကြားရာ၌ မြန်မာနိုင်ငံသည် အခြားသော ကမ္ဘာ့နိုင်ငံများထက် ရေချိုသယံဇာတ ပေါများခဲ့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း ရာသီဥတုပြောင်းလဲသက်ရောက်မှုကြောင့် မုတ်သုန်အဝင်နောက်ကျပြီး အထွက်စောလာကာ မုတ်သုန်ကာလတိုတောင်းခြင်း၊ ရေချိုအရင်းအမြစ်များတွင် မိုးရွာသွန်းမှုနည်းပါးလာခြင်းကြောင့် မြေပေါ်ရေချိုပမာဏ လျော့ကျလာခြင်း၊ မြေအောက်ရေ ခမ်းခြောက်လာခြင်း စသည်တို့ဖြင့် ရေလုံခြုံမှုလျော့ပါးလာခဲ့ကြောင်း၊ သို့ပါ၍ အသက်တမျှရေးပါသော ရေချိုအရင်းအမြစ်များ လျော့နည်းပျက်စီးမှုမှ ကာကွယ်နိုင်ရန်၊ ရေချိုများ သိုလှောင်ထိန်းသိမ်းပြီး စိုက်ပျိုးရေ၊ သောက်သုံးရေဖူလုံစေရေးနှင့် ပြည်သူများ၏ အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ရေအားလျှပ်စစ် ထုတ်ယူအသုံးချနိုင်ရန် ရေလှောင်တမံများ တည်ဆောက်ခဲ့ကြရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီသည် ဥပဒေရေးဆွဲပြဌာန်းပြီး ဖွဲ့စည်းထားသော ကော်မတီတစ်ခုဖြစ်သည့်အတွက် ဥပဒေပါပြဌာန်းချက်များနှင့်အညီ စီမံဆောင်ရွက်သွားပြီး မျိုးဆက်သစ်လူငယ်များသို့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းတာဝန် ပေးအပ်သွားရန်နှင့် ကော်မတီ၏ဆောင်ရွက်မှုများအပေါ် တာဝန်ခံဝန်ကြီးဌာနဖြစ်သည့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ပံ့ပိုးကူညီသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တတိယအကြိမ် အထွေထွေညီလာခံ သဘာပတိ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဦးလှဘော်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ အလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာကိုအတွင်းရေးမှူး ဦးဝင်းမောင်က ဖတ်ကြားတင်သွင်းရာ ညီလာခံကအတည်ပြုကြောင်း ကြေညာသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီနည်းဥပဒေ (မူကြမ်း) ပါ ကောက်နှုတ်ချက်များကို ရှင်းလင်းတင်ပြပြီး ညီလာခံကို ဆက်လက်ကျင်းပသည်။
မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၃ ခုနှစ်တွင် နာယက(၃)ဦး၊ ကော်မတီဝင် (၄၅)ဦး၊ အလုပ်အမှုဆောင် ကော်မတီဝင် (၁၅)ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်ဇွန်လ (၂၄) ရက် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင်ကျင်းပခဲ့သော 82th Annual Meeting တွင် မြန်မာနိုင်ငံသည် ICOLD ၏ (၉၇)နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများနှင့် နည်းပညာတက္ကသိုလ်တို့မှ အငြိမ်းစားပညာရှင်ကြီးများ ပါဝင်ဖွဲ့စည်းထားသော မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီတွင် စီမံခန့်ခွဲမှုအဖွဲ့၊ စီမံကိန်းနှင့် ဒီဇိုင်းအဖွဲ့၊ တမံများဘေးအန္တရာယ် ကင်းရှင်းရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ သင်တန်းနှင့် သုတေသနအဖွဲ့ စသည့် ပညာရပ်ပိုင်းဆိုင်ရာအဖွဲ့ ၅ ခုဖွဲ့စည်းထားပြီး လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


