ရန်ကုန် ၂၇ ဧပြီ

 

mdn

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့နံနက်ပိုင်းတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီးရုံးနှင့် မြို့နယ်ရုံးများ၊ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ စတူဒီယိုများကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်ရှိ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ အလုံမြို့နယ်နှင့် လှိုင်မြို့နယ်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများ၏ သင်တန်းခန်းမများ၊ စာကြည့်တိုက်များ၊ ပြတိုက်ငယ်များ၊ စာဖတ်ခန်းများ၊ ကလေးစာဖတ်ခန်းများ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးများတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဆောက်အဦနှင့် မြေနေရာ ရရှိနိုင်မှု အနေအထားများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင်စတူဒီယိုများကို လှည့်လည်ကြည့်ရှုသည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီးက စာကြည့်တိုက်များအတွင်း စာဖတ်သူများ စိတ်ချမ်းမြေ့စွာ စာဖတ်နိုင်ရန် ဆောင်ရွက်ပေးရေး၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်၊ စာစောင်များ အတတ်နိုင်ဆုံး စုံလင်စွာရှိရန် ဝယ်ယူဖြည့်တင်းနိုင်ရေး၊ ရုံးများ၏ လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်၊ လျှပ်စစ်မီး၊ မီးဘေးအန္တရာယ် အထူးဂရုပြုရေး၊ ပြန်ဆက်ရုံးများတွင် အခြားဝန်ကြီးဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးနှင့် ဒေသခံပြည်သူများအတွက် အားကစားပစ္စည်းများ တတ်နိုင်သလောက် ဖြည့်တင်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

 

(သတင်းစဉ်)