ရန်ကုန် ၂၇ ဧပြီ
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် (၂၆)ကြိမ်မြောက် လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ မြန်မာနိုင်ငံအလှကုန်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် အဖွဲ့ဝင် (၂၀)ဦးဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို စတင် ဖွဲ့စည်းခဲ့ရာ ယခုဆိုလျှင် သက်တမ်းအားဖြင့် (၂)နှစ်ခွဲ ရှိပြီဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များဖြင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၅)ရပ် ဖွဲ့စည်းကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုတွေ့ဆုံပွဲသည် (၂၆)ကြိမ်မြောက် ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၅)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် အားလုံးကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါပြန်ကြားချက်များသည် လုံးဝပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်များ ရှိသကဲ့သို့ အချို့အချက်များသည် အချိန်ယူ၍ ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ ဖြစ်ပါကြောင်း။
အချို့ ဆက်လက်ဖြေရှင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံကာ ဆွေးနွေးပွဲ (Public - Private Dialogue) များ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသောအခန်းကဏ္ဍတွင် တည်ရှိပြီးနှစ်စဉ် ကုန်သွယ်မှုပမာဏ တိုးတက်အောင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် (ဧပြီလ ၁၂ ရက်နေ့အထိ) ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၁၈ ဒသမ ၆၁၂) ဘီလီယံအထိရှိခဲ့ပြီး ယခင်နှစ်အလားတူ ကာလထက် အမေရိကန်ဒေါ်လာ (ဝ ဒသမ ၃၁၂)ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ (၁၈ ဒသမ ၆၁၂)ဘီလီယံတွင် ပုဂ္ဂလိကကဏ္ဍ အနေဖြင့် အမေရိကန်ဒေါ်လာ (၁၅ ဒသမ ၆၆၂)ဘီလီယံ ပါဝင်သည့်အတွက် (၈၄ ရာခိုင်နှုန်း) အထိ ပါဝင်ဆောင်ရွက်နိုင်သည်ကို တွေ့ရပါကြောင်း။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြောင်းလဲလျက်ရှိသည့် စီးပွားရေးဝန်းကျင်ကို အမီလိုက်နိုင်စေရန် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့် သတင်းအချက် အလက်များ ရရှိစေရေးမှာ အဓိကကျသည့်အချက်ဖြစ်သည့်အတွက် မိမိတို့ အစိုးရဌာနများ၏ Website Pageနှင့် Facebook Page တို့တွင် အခါအားလျော်စွာ ဝင်ရောက်ကြည့်ရှုကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်ပေးရန် တင်ပြလာမှုအပေါ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၉ ခုနှစ်၊ မတ်လအထိ ဖမ်းဆီးအရေးယူမှု (၄၃၆)ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၁၄၅ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း။
ကုန်ပစ္စည်းများ အရည်အသွေးမြှင့်တင်ရေးနှင့် ပတ်သက်၍ ရေရှည်ထိန်းသိမ်း နိုင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထုတ်လုပ်သူ၊ သယ်ယူပို့ ဆောင်သူ၊ ဆိပ်ကမ်းရှင်းလင်းရေး၊ သင်္ဘောလိုင်းများ၊ သိုလှောင်သူ၊ ထုတ်ပိုးသူ၊ ဖြန့်ဖြူးရောင်းချသူ၊ စားသုံးသူစသည့် Supply Chain တစ်ခုလုံးတွင်ရှိသည့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
Doing Business တိုးတက်မှုအနေဖြင့် ယခုနှစ်တွင် နောက်ဆုံးကြိုးစားရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း၊ အညွှန်းကိန်းအလိုက် တာဝန်ရှိသည့်ဌာနများက မိမိတို့ ရည်မှန်းချက်အတိုင်း ပြောင်းလဲမှုများကို အချိန်မီဆောင်ရွက်ကြရန် လိုအပ်သည်ဟု ပြောကြားလိုပါကြောင်း၊ ယခုနှစ်တွင် ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအတွက် ကြိုတင်ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှု (Reform) များကို အညွှန်းကိန်း (Indicator) တစ်ခုချင်းအလိုက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါအညွှန်းကိန်းများကို ဆောင်ရွက်နေသည့် သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို မည်သို့ဆောင်ရွက်နေသည်၊ မည်သို့ဆက်သွယ် မေးမြန်းရမည်တို့ကို စီးပွားရေးလုပ်ငန်းရှင်များ လွယ်ကူလျင်မြန်စွာ သိရှိနိုင်စေရန် အတွက်လည်း ဝန်ကြီးဌာနများ၏ Website များတွင်သာမက Ease of Doing Business ဆိုင်ရာ လုပ်ငန်းစဉ်များအား သီးသန့်လွယ်ကူစွာ သိရှိနိုင်စေရန်အတွက် Myanmar Ease of Doing Business Website ကို ယနေ့မှ စတင်၍ ထုတ်လွှင့်သွားတော့မည်ဟု သိရှိရပါကြောင်း။
အဆိုပါ Website တွင် အညွှန်းကိန်း (၁၀)ခုစလုံးအတွက် ဆောင်ရွက်လျက်ရှိပုံများ၊ မေးလိုသည်များကို ဖြေကြားပေးမည့် Call Center များ၊ မကြာခဏ မေးလေ့ရှိသော မေးခွန်းနှင့် အဖြေများ၊ အစိုးရဌာနများမှ ပြုပြင်ပြောင်းလဲ ဖြေလျှော့လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ကြန့်ကြာချိန်များ၊ ပေးသွင်းရမည့် ငွေကြေးတန်ဖိုးများ စသည်တို့အားလုံးကို တစ်နေရာထဲတွင် ပြည့်ပြည့်စုံစုံ ကြည့်ရှုဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ပေးထားသည်ကိ်ုလည်း ပြောကြားလိုပါကြောင်း။
နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာမူတည်နေသောကြောင့် မိမိတို့အနေဖြင့် လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စေရေးကို ဦးစားပေးလျက်ရှိပြီး ဖြေလျှော့ပေးနိုင်သည့် လုပ်ငန်းစဉ်များကို ဖြေလျှော့ပေးလျက်ရှိကြောင်း၊ အပြန်အလှန်အားဖြင့် လုပ်ငန်းရှင်များဘက်မှလည်း လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်ရာတွင် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေးမည့် ကဏ္ဍများနှင့်သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့ အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြည်ပနိုင်ငံများသို့ ပဲနှင့်ဆန်များ တင်ပို့ရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါတွင် ကိုယ်ပိုင်အိမ်ရာနေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် လစဉ်ပင်စင်ထောက်ပံ့ပေးနိုင်ရေးတို့အတွက် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ (Central Provident Fund – CPF) ထူထောင်ကာ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တွေ့ကြုံနေရသည့် အခက်အခဲ အကြံပြုတင်ပြချက်များအပေါ် ဝန်ကြီးဌာနမှ ဖြေရှင်းဆောင်ရွက် ပေးနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခင်အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက Myanmar Doing Business Website လွှင့်တင်ထားခြင်းအား အသိပေးဖြန့်ဝေခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မူဆယ် - နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းနိုင်စိုး၊ မြန်မာနိုင်ငံ လက်လီ ရောင်းချသူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်တင်စုလှိုင်နှင့် မြန်မာနိုင်ငံ အလှကုန်အသင်းမှ ဥက္ကဋ္ဌ ဦးကျော်မင်းတို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)


