ရန်ကုန် ၂၇ ဧပြီ
လူမှုဝန်ထမ်းဦးစီးဌာနမှ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးချုပ်ရုံးသို့ Wheel Chair (၅၀)စီး လှူဒါန်းသည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Wheel Chair (၅၀)စီးကိုပေးအပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဗိုလ်ချုပ်ဝင်းလွင်က လက်ခံရယူပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊မြို့တော်ခန်းမတွင် ကျင်းပသည့် အုတ်ဖိုမြို့နယ်အတွင်း မိခင်ဝိုင်းများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အရည်အချင်း ပြည့်ဝပြီး စွမ်းဆောင်ရည်ရှိသော လူသားအရင်းအမြစ်များသည် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ် ကလေးသူငယ်ဘဝကပင် စတင်ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်ရန်ပုံငွေ အကန့်အသက်ရှိသောကြောင့် မိခင်ဝိုင်းများ၊ မူကြိုကျောင်းများကို တိုးချဲ့ဖွင့်လှစ်ရာတွင် ပုဂ္ဂလိကမူကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ ဖွင့်လှစ်နိုင်ရန်အစိုးရက နည်းပညာပံ့ပိုးမှုပေးခြင်း၊ အစိုးရနှင့်ပြည်သူ လက်တွဲ၍ လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးပေါင်းအကောင်အထည် ဖော်လျက်ရှိကြောင်း၊ စနစ်ကျသော ရှေးဦးအရွယ် ကလေးသူငယ် စောင့်ရှောက်ရေးဆရာဖြစ် သင်တန်းများကို တိုးချဲ့ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မိဘများ၊ မိသားစုဝင်များနှင့် ပြည်သူများအားလုံးက သဘောပေါက်နားလည်ပြီး ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းများအတွက် တစ်နိုင်ငံလုံး သာတူညီမျှခံစားရရှိစေရန် ကနဦးထောက်ပံ့မှုကို ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းများအတွက် ထောက်ပံ့မှုပြုရာတွင် မသန်စွမ်းမှုအလိုက် အဆင့်ခွဲခြားပြီးပါက တစ်နိုင်ငံလုံး စနစ်တကျ ဆက်လက်ထောက်ပံ့နိုင်ရန် အစီအစဉ်များလည်း ချမှတ်ထားပါကြောင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက် ပေးကြပါရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အုတ်ဖိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၅၆၄)ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၆၉၂၀ဝ၀ဝ၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများအတွက် ထောက်ပံ့ငွေကျပ်သိန်း(၆၀)နှင့် မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် ၂၀၂၃၁၀ဝ တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ကြပြီး ထောက်ပံ့မှုများအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၄၉၄၃၁၀ဝ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


