ဘားအံ ၂၇ ဧပြီ
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာနက ကြီးမှူး၍ တိုင်းရင်းသားဘာသာစကား သင်ကြားသင်ယူမှု၏ ထိရောက်အောင်မြင်မှု အခြေအနေ သုတေသနဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို မြန်မာတစ်ဝန်းရှိ ပြည်နယ်(၇)ခု၏ မြို့တော်များဖြစ်သော မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ မော်လမြိုင်၊ စစ်တွေနှင့် တောင်ကြီးမြို့များတွင် တစ်ပြိုင်နက်တည်း ကျင်းပဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဧပြီ ၂၇ ရက် နံနက် ၉ နာရီက အ.ထ.က(၁)မြသံလွင် ခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
သုတေသနဆိုင်ရာ ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ဘာသာစကားများ တိမ်ကောပျောက် ကွယ်မသွားစေရန် တိုင်းရင်းသား ဘာသာစကား သင်ကြားသင်ယူမှု၏ ထိရောက်အောင်မြင်မှု အခြေအနေ သုတေသနဆိုင်ရာ လုပ်ငန်းများကို ဆတက်ထမ်းပိုး ဆောင်ရွက်သင့်ပါကြောင်း၊ လူသားအကျိုး၊ ကမ္ဘာကြီးအကျိုးကို အကောင်းဆုံး ဖန်တီးရပ်တည်ပေးရန် ပြည်ထောင်စုက တည်ဆောက်နေသော ငြိမ်းချမ်းရေးကို အထောက်အကူပြုသောကြောင့် လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းစဉ်များဖြစ်၍ ပြည်နယ်တစ်ဝန်းရှိ တိုင်းရင်းသားများနှင့် အဖွဲ့အစည်းအသီးသီးက လိုအပ်သော အကူအညီများပေးစေလိုကြောင်း၊ မိမိတို့ကရင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့်လည်း လိုအပ်သည်များ ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသားဘာသာ စကားများ တိမ်ကောပျောက်ကွယ် မသွားစေရန် သုတေသန လုပ်ငန်းစဉ်များကို ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားနိုင်ရေး အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြ စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဦးက သုတေသန လုပ်ငန်းများအတွက် အဘက်ဘက်မှ မြန်မာနိုင်ငံတိုင်းရင်းသား အောင်မြင်စေရန် ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး ပညာရေးဝန်ကြီးဌာန၊ ဘာသာစကားဦးစီးဌာန၊ စာတည်းမှူးချုပ် ဦးမြင့်ဆွေက သုတေသနလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုဆွေးနွေးပွဲတွင် ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့တွင် စကော၊ ပိုး၊ ပကညောဘာသာစကားများကို သင်ကြားမှုသင်ယူမှု လုပ်ငန်းများတွင် တိုးတက်မှု အခြေအနေများကိုလည်းကောင်း၊ လက်ရှိသင်ကြားနေမှုတွင် အခက်အခဲများကို သိရှိရန်နှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းကူညီ ပံ့ပိုးဆောင်ရွက်ရမည့် အခြေအနေများကို လည်းကောင်း သိရှိရန်အတွက် တက်ရောက်လာကြသော တိုင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များနှင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ဧပြီ ၂၉ ရက်တွင်လည်း Grade(1)၊ Grade(2)၊ Grade(3) အဆင့်ရှိ သင်ကြားခဲ့သူများအား စမ်းစစ်ခြင်းများ ပြုလုပ်ပြီး ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


