မင်းတပ် ၂၇ ဧပြီ

 

mdn

 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ကန်ပက်လက်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ “ကန်ပုလဲ” ‘ဝ’ ဥနှင့် တောင်ပေါ်သီးနှံများ အခြောက်ခံခြင်းနှင့် တန်ဖိုးမြှင့် ထုတ်ကုန်လုပ်ငန်းသို့ ရောက်ရှိိကြသည်။

 

ဒုတိယသမ္မတအား မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက လက်ရှိ ‘ဝ’ ဥ၊ ထောပတ်သီးနှင့် ကော်ဖီစိုက်ပျိုးနေမှု အခြေအနေများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ‘ဝ’ ဥ၊ ထောပတ်သီးနှင့် ကော်ဖီများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး၊ ထိုသို့ တင်ပို့ရောင်းချရာတွင် ဈေးကွက်ကို တတ်နိုင်သမျှ ထိန်းညှိဆောင်ရွက်သွားနိုင်ရေး၊ ချင်းပြည်နယ်ထွက် ကုန်ပစ္စည်းများအား အစုအဖွဲ့အသင်းအဖွဲ့များ ဖွဲ့စည်း၍ ဈေးကွက်လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အသေးစားနှင့် အလတ်စား စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းများအတွက် လိုအပ်သော အရင်းအနှီးရရှိရန် ချေးငွေထုတ်ချေးပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။

 

ချင်းပြည်နယ်တွင်  ‘ဝ’ ဥကို မတူပီ၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်များတွင် အများဆုံး စိုက်ပျိုးလျက်ရှိပြီး ‘ဝ’ ဥ အစိုတစ်ပိဿာလျှင် ဒေသန္တရပေါက်ဈေး ငွေကျပ် ၁၇၅၀၊ ‘ဝ’ ဥ အခြောက်ဖြစ်ပါက တစ်ပိဿာလျှင် ဒေသန္တရပေါက်ဈေး ငွေကျပ် ၁၂၀ဝ၀ ဖြစ်ကာ ‘ဝ’ ဥ (၁) ဧကစိုက်ပျိုးပါက ‘ဝ’ ဥ ပိဿာ သုံးထောင်ခန့်ရရှိပြီး စနစ်တကျ စိုက်ပျိုးနိုင်ပါက အထွက်နှုန်း ပိသာ ၅၀ဝ၀ မှ ၈၀ဝ၀ ကြား ပိုမိုထွက်ရှိနိုင်မည်ဖြစ်ပြီး တောင်သူတစ်ဦးလျှင် ဝင်ငွေကျပ် ၈၃ သိန်းကျော် ရရှိနိုင်မည် ဖြစ်သည်။

 

ထောပတ်သီး တစ်ဧကလျှင် ၃ တန်ခန့်ထွက်ရှိပြီး ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁၃၀ဝ ခန့်ရှိရာ ဝင်ငွေအနေဖြင့် ငွေကျပ် ၅၈ သိန်း ရရှိနိုင်ပြီး ‘ဝ’ ဥ နှင့် ထောပတ်သီး ကို သီးညှပ်စိုက်ပျိုးပါက တစ်ဧကလျှင် တောင်သူတစ်ဦး ငွေကျပ် သိန်း ၁၄၀ ကျော် ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဒုတိယသမ္မတနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် အမျိုးသားဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ်အတွင်း ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းရေးနှင့် ဂေဟစနစ်များ ပျက်စီးမှုမရှိစေရေး၊ ရှားပါးမျိုးစိတ်များအား ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများက ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် ထိန်းသိမ်းစောင့် ရှောက်သွားရန် မှာကြားသည်။

 

ခေါ်နူးစုမ် အမျိုးသားဥယျာဉ်သည် ၁၉၃၆ ခုနှစ်တွင် ဘောလီမိုးကြိုးဝိုင်းအဖြစ် ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် အဆိုပြုခဲ့ကာ ၂၀၁၀ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် အတည်ပြုဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။ ဥယျာဉ်မှာ အကျယ်အဝန်းအားဖြင့်  ၁၇၆၂၀၂ ဧက/ ၇၁၃၀၅ ဟက်ကာရှိပြီး အမြင့်ပေအားဖြင့် ၁၀၂၀ဝ ပေ/ ၃၀၅၃ မီတာရှိကြောင်း သိရသည်။

 

mdn

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မင်းတပ်မြို့၊ အနောက်ရပ်ကွက်ရှိ Hornbill ကော်ဖီထုတ်လုပ်ရေး စက်ရုံသို့ ရောက်ရှိကြရာ စက်ရုံပိုင်ရှင် ဦးမာဟုန်းက ကော်ဖီစိုက်ပျိုးထားရှိမှု အခြေအနေ၊ စက်ကိရိယာ အဆင့်ဆင့်ဖြင့် ကော်ဖီထုတ်လုပ်နေမှု အခြေအနေနှင့် တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ချင်းပြည်နယ်အတွင်းရှိ ကမ္ဘာ့အဆင့်မီ ကော်ဖီမျိုးအား အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် အရည်အသွေးမြင့်ကော်ဖီများ ထုတ်လုပ်၍ အဆင့်မီထုတ်ပိုးမှု စနစ်များဖြင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ကြိုးစားသွားရမည် ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်ချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

အဆိုပါ ကော်ဖီထုတ်လုပ်ရေးစက်ရုံတွင် ချင်းပြည်နယ်မှ သဘာဝအတိုင်း စိုက်ပျိုးထွက်ရှိသော အကောင်းဆုံး အရည်အသွေးပြည့်မီသည့် Arabica ကော်ဖီသီးကိုသာ စနစ်တကျ ရွေးချယ်၍ အရည်အသွေး စမ်းသပ်စစ်ဆေးမှုများကို အဆင့်ဆင့်ပြုလုပ်ပြီး အဆင့်မြင့်စက်များအသုံးပြု ထုတ်လုပ်ကြောင်း သိရသည်။

 

mdn

 

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မင်းတပ်မြို့ ခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ထို့နောက် ဒုတိယသမ္မတသည် ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေး (၃)၊ အဆောက်အဦ အထူးအဖွဲ့(၉) ရှင်းလင်းဆောင်သို့ ရောက်ရှိရာ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဆွေက အဆောက်အဦ အထူးအဖွဲ့(၉)မှ တည်ဆောက်လျက်ရှိသည့် ဆေးရုံတိုးချဲ့လူနာဆောင်နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး တည်ဆောက်ရေးမြေနေရာသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက်  ဒုတိယသမ္မတနှင့်အဖွဲ့သည် မင်းတပ်တက္ကသိုလ် တည်ဆောက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ ခရိုင်အုပ်ချပ်ရေးမှူး ဦးမောင်ထူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက တက္ကသိုလ်တည်ဆောက်ရာတွင် သစ်တော သစ်ပင်များကို အတတ်နိုင်ဆုံး ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်သွားရန်၊ လုပ်ငန်းဆောင်ရွက်မှုများ ကိုလည်း အမြန်ဆုံးဆောလျင်စွာ ဆောင်ရွက်သွားရန်နှင့် လိုအပ်သော သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး ကိုပါတစ်ပါတည်း စီမံဆောင်ရွက်သွားရန် မှာကြားသည်။

 

ဆက်လက်၍ ဘောခွီးဥယျာဉ်ခြံသို့ သွားရောက်၍ ထောပတ်သီးပျိုးပင်နှင့် ဆေးဖက်ဝင်သစ်ခွပျိုးပင်များ  စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ဘောခွီးဥယျာဉ်ခြံ အတွင်း ၂၀၁၈ - ၂၀၁၉ ခုနှစ်မှ ၂၀၂၀ - ၂၀၂၁ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို  ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် တံတားအထူးအဖွဲ့(၁)မှ တည်ဆောက်လျက်ရှိသည့် မင်းတပ် - မတူပီလမ်း ကီလိုမီတာ (၁၀၈ - ၁၀၉)အကြားရှိ မုန်းချောင်းတံတားနှင့် မင်းတပ် - မတူပီလမ်း ကီလိုမီတာ (၁၅၆- ၁၅၇)အကြားရှိ လည်မျိုချောင်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

မုန်းချောင်းတံတားသည် ပေ၆၀ ရှည်လျားပြီး လက်ရှိတွင် လုပ်ငန်းဆောင်ရွက် မှု ၅၀ ရာခိုင်နှုန်း ပြီးစီပြီဖြစ်ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် တံတားတစ်စင်းလုံး ပြီးစီးမည်ဖြစ်ပြီး လည်မျိုချောင်းတံတားသည် (၂၄၀)ပေရှည်လျားပြီး ၂၀၂၀ ခုနှစ် ဧပြီ ၃၀ ရက်တွင် တံတားတစ်စင်းလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယသမ္မတသည် မတူပီမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဒေါက်တာ တလွန်ကျုံးထန်က ဆေးရုံသို့ တက်ရောက်သည့် လူနာအခြေအနေ၊ လူနာများအား ဆေးဝါးအခမဲ့ ပေးဝေမှု၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်း အခြေအနေ၊ ၆ ခန်းတွဲ ၂ ထပ်ဆောင် အရာထမ်းအိမ်ရာ ဆောက်လုပ်မည့် အခြေအနေနှင့် ဆေးရုံတွင်လိုအပ်လျက်ရှိသည် တိုက်နယ်ဆရာဝန်များနှင့် နေ့စားဝန်ထမ်းများ ခန့်ထားပေးရေး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး ဆောက်လုပ်ပေးရေးနှင့် ဆေးရုံပတ်လမ်းများ၊ ဝန်ထမ်းအိမ်ရာနှင့် ဆက်သွယ်သည့် လမ်းများအား ကွန်ကရစ်လမ်းခင်းပေးရေးတို့နှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက ဆေးရုံ၏ လိုအပ်ချက်များအပေါ် ပံ့ပိုးဖြည့်ဆည်းပေးမည့် အစီအမံများနှင့် စပ်လျဉ်း၍  ရှင်းလင်းဖြေကြားသည်။

 

mdn

 

ယင်းနောက် ဒုတိယသမ္မတသည် ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

 

(သတင်းစဉ်)