ရန်ကုန် ၂၇ ဧပြီ

 

ဘက်စုံကိုယ်ခံပညာသုံး MMA ကစားသမားများအတွက် ဂုဏ်သိက္ခာကြီးမားသည့် ဆုချီးမြှင့်ပွဲဖြစ်သော Fighter Only မဂ္ဂဇင်းက ချီးမြင့်သည့် (၁၁) ကြိမ်မြောက် World MMA Awards ဆုစာရင်းတွင် မြန်မာနာမည်ကြီးကစားသမား အောင်လအန်ဆန်က  ဆုနှစ်ခု၏ ဆန်ခါတင်စာရင်း၌ ပါဝင်လျက်ရှိသည်။

 

အောင်လအန်ဆန်သည် ယင်းဆုပေးပွဲအတွက် ထုတ်ပြန်ထားသည့် အကောင်းဆုံးဆု ဆန်ခါတင်စာရင်းတွင် တစ်နှစ်တာ အကောင်းဆုံးအားကစားဆုနှင့် တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံး အားကစားသမားဆုစာရင်းများ၌ ပါဝင်နေခြင်းဖြစ်သည်။ Fighter Only မဂ္ဂဇင်းသည် ယင်းဆုများကို ၂၀ဝ၈ ခုနှစ်မှစ၍ ချီးမြင့်ခဲ့ပြီး ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲများကျင်းပနေသည့် အဖွဲ့အစည်းအသီးသီးမှ အကောင်းဆုံး ကစားသမားများကို ရွေးချယ်ကာဆုချီးမြင့်မည်ဖြစ်သည်။

 

အောင်လအန်ဆန် ဆန်ခါတင်စာရင်း၌ ပါဝင်နေသော ဆုနှစ်ခုတွင် UFC ၏ နာမည်ကြီးကစားသမား ခါဘစ်လည်း ပါဝင်လျက်ရှိသည်။ အောင်လအန်ဆန်သည် ONE Championship မှ ကြီးမှူးကျင်းပနေသည့် MMA ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ယခုဆုပေးပွဲတွင် UFC အပါအဝင် အခြားအဖွဲ့အစည်းအသီးသီးမှ ကျင်းပနေသည့် ပြိုင်ပွဲများကိုပါ ထည့်သွင်းရွေးချယ်ထားခြင်းဖြစ်သည်။ အောင်လအန်ဆန် ဆန်ခါတင်စာရင်း၌ ပါဝင်နေသော ဆုများအနက် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု စာရင်းတွင် ခါဘစ် (UFC)၊ ကော်မီယာ (UFC)၊ ပွိုင်ရီယာ (UFC)၊ မူဆာဆီ (Bellator)၊ ခါဘစ် (UFC)တို့ပါဝင်ပြီး တစ်နှစ်တာ နိုင်ငံတကာ အကောင်းအားကစားသမား ဆုစာရင်းတွင် ခါဘစ် (UFC)၊ မူဆာဆီ (Bellator)၊ အူစမန် (UFC) နှင့် အာဒေးဆန်ညာ (UFC) တို့နှင့်အတူ ပါဝင်နေသည်။

ယင်းဆုချီးမြင့်ပွဲကို ဇူလိုင် ၆ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ဆုအမျိုးအစားပေါင်း ၂၂ မျိုး ကျင်းပမည်ဖြစ်ကာ ပရိသတ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်မည်ဖြစ်သည်။ ပရိသတ်များအနေဖြင့် https://www.worldmmaawards.com/vote တွင် ဧပြီ ၂၅ ရက်မှစ၍ မဲပေးနိုင်ပြီဖြစ်သည်။

 

အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ချန်ပီယံကာကွယ်ပွဲများတွင် နိုင်ပွဲရထားသူဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ နိုင်ပွဲများဆက်တိုက်ရခဲ့သလို ၂၀၁၇ ဇွန်လတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကိုလည်းကောင်း၊ ၂၀၁၈ ဖေဖော်ဝါရီလတွင် ဘရာဇီးလ်နိုင်ငံသား မာချာဒိုကို အနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုတို့ကိုလည်းကောင်း ရရှိခဲ့သည်။

 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲသုံးပွဲ ထိုးသတ်ထားပြီး မတ် ၃၁ ရက်က နောက်ဆုံးထိုးသတ်သည့်ပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို ဒုတိယအချီတွင် အလဲထိုးအနိုင်ရခဲ့သည်။ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲကို ယခုနှစ် အောက်တိုဘာတွင် ထိုးသတ်ရမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ဖိုးသော်ဇင်   

 

1