ရေတာရှည် ၂၈ ဧပြီ
ချိုချဉ်အရသာနှင့် အရည်ရွှမ်းလဲ့သော ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ထွက် လိုင်ချီးသီးများ မိုးဦးအကြိုရာသီဖြစ်သော ဧပြီတတိယအပတ်မှစတင်ကာ မြေပြန့်ဈေးကွက်ကို စတင်ဝင်ရောက်လာပြီး ပေါ်ဦးစဖြစ်၍ တစ်ပိဿာလျှင် ကျပ် ၃၀ဝဝ ဖြင့် ရောင်းချလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
“ခုချိန်က တောင်ပေါ်မှာလဲ အများကြီးမပေါ်သေးဘူး၊ ဝယ်ရတာကိုဈေးမြင့်တယ်၊ နောက် ကျွန်တော်တို့ကျတော့ အောက်ကျင်းကနေ ဆိုင်ကယ်တက်ပြီး ဝယ်ရတာဆိုတော့ ဆီဖိုးကုန်ကျစရိတ်နဲ့ဆို တစ်ပိဿာကို ၃၀ဝဝ လောက်ရောင်းရမှ တွက်ချေကိုက်တယ်” ဟု တောင်ပေါ်ဒေသအထိ လိုင်ချီးသီးများ သွားရောက်ဝယ်ယူသူတစ်ဦးက ပြောသည်။
ယခုပေါ်စ လိုင်ချီးသီးများအနေဖြင့် အချိုဓာတ်နည်းကာ အချဉ်ဘက်ကို ပိုများသည့်အတွက် စားသုံးသူများအနေဖြင့် ဝယ်ယူမှုနည်းသေး၍ မိုးရွာပြီး အချိုဓာတ်များချိန်တွင် ပိုမိုဝယ်ယူစားသုံးကြသည်ကို တွေ့ရသည်။ လာမည့်မေလလယ်လောက်ဆိုလျှင် တောင်ပေါ်ဒေသများတွင် လိုင်ချီးအထွက်နှုန်း ဖြိုင်လေ့ရှိပြီး ဝယ်လိုအားထက် ရောင်းလိုအားများကာ ဈေးနှုန်းကျဆင်းလေ့ရှိ၍ တစ်ဆင့်ဝယ်ယူရောင်းချသူများအနေဖြင့် အဆိုပါအချိန်ကို စောင့်ဆိုင်းမှုများလည်း ရှိနေသည်။
“ခုထွက်တဲ့အသီးတွေက အချဉ်ဘက်များတော့ သိပ်မစားကြသေးဘူး။ ဈေးကလဲမြင့်တယ်၊ ဝယ်တဲ့သူတွေကလဲ လက်ဆောင်ပေးဖို့လောက်ပဲ ဝယ်ကြတာများတယ်”ဟု ရေတာရှည်မြို့ရှိ အသီးအနှံများ ရောင်းချသူတစ်ဦးက ပြောသည်။ တောင်ပေါ်ဒေသထွက် သီးနှံ များဖြစ်သော ဒူးရင်း၊ မင်းဂွတ်၊ နာနတ် အစရှိသော စားကုန်သီးနှံများသည် မိုးရာသီတွင် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည့်အတွက် သီးနှံခြံစိုက်ပျိုးသူတို့အတွက် အလွန်ပင်ဝင်ငွေကောင်းမွန် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)


