သံတောင်ကြီး ၂၈ ဧပြီ
ကရင်ပြည်နယ် သံတောင်-သံတောင်ကြီး ကားလမ်း(အဆင်းလမ်း) မိုင်တိုင်အမှတ်(၁၄/ဝ)နှင့် (၁၄/၁)အကြားတွင် ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က လိုက်ထရပ်မော်တော်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ညောင်ခြေထောက်ကျေးရွာ အုတ်တွင်းမြို့နယ် ပဲခူးတိုင်းဒေသကြီးနေသူ ဇင်ကိုဦး(၂၄)နှစ် (ဘ)ဦးဝင်းညွန့်နိုင် မောင်းနှင်သော 8J/---- လိုက်ထရပ် မော်တော်ယာဉ်သည် သံတောင်-သံတောင်ကြီး ကားလမ်း (အဆင်းလမ်း) မိုင်တိုင်အမှတ်(၁၄/ဝ)နှင့် (၁၄/၁)အကြား လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဘယ်ဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
တိမ်းမှောက်ခဲ့သည့် လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၂၀)ဦးရှိသည့်အနက် ဒေါ်နော်ကူမူး၊ ဒေါ်နော်ဆာတိုး၊ နော်ဖရေးရို့စ်၊ နော်ဆာမူနာထူးနှင့် ယာဉ်မောင်း ဇင်ကိုဦး (၅)ဦးတို့မှာ ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့သောကြောင့် သံတောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဇင်ကိုဦးအား ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MDN


