ပွင့်ဖြူ ၂၈ ဧပြီ
GAP နည်းစနစ် စိုက်ပျိုးထုတ်လုပ်မှု တောင်သူပညာပေးဆွေးနွေးပွဲကို ဧပြီ ၂၇ ရက်က မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြင့်ခိုင်က ယခုအချိန်အခါသည် မြို့နယ်အတွင်း တောင်သူများ နွေသီးနှံ နှမ်းစိုက်ပျိုးရာသီချိန်ဖြစ်၍ တောင်သူများ နွေနှမ်းစိုက်ပျိုးလုပ်ကိုင်ရာတွင် အထွက်နှုန်း ကောင်းမွန်သော GAP နည်းစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ တောင်သူပညာပေးဆွေးနွေးပွဲကို ကွင်းဆင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နှင်းမြင့်ခိုင်နှင့် ဝန်ထမ်းများက တောင်သူများအား နွေနှမ်းသီးနှံ GAP နည်းစနစ် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ ရောဂါပိုးမွှား ကျရောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ရန် နည်းလမ်းများ၊ မျိုးကောင်းမျိုးသန့် ထိန်းသိမ်းနည်းစနစ်များ၊ အချိန်အခါအလိုက် သီးနှံစိုက်ခင်းအတွင်း မြေဆီမြေဩဇာ ပက်ဖျန်းခြင်း နည်းစနစ်များကို ကဏ္ဍအလိုက် ပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဒေသခံတောင်သူများက GAP နည်းစနစ် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး GAP နည်းစနစ် နှမ်းသီးနှံစိုက်ပျိုးရေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခု ၂၀၁၈-၂၀၁၉ နွေနှမ်းစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်နှင့် သီးနှံဝင်ငွေအကျိုးအမြတ် ပိုမိုရရှိနိုင်ရေးအတွက် ရည်ရွယ်၍ ယခုလို GAP နည်းစနစ် စိုက်ပျိုးထုတ်လုပ်မှု တောင်သူပညာပေးဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


