မြို့သစ် ၂၈ ဧပြီ
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များသည် မကွေးခရိုင်၊ မြို့သစ်မြို့နယ် မကြီးကုန်ကျေးရွာ အားကစားကွင်း၌ ဧပြီ ၂၇ ရက် နံနက် ၈ နာရီက မကြီးကုန်ကြီးကျေးရွာ ကျေးရွာဒေသခံများနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကားပြောကြားပြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ကျေးရွာဒေသခံများနှင့် ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်အမှာစကား ပြောကြားကာ ကျေးရွာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့သစ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်၏ အတွေ့အကြုံများကို ကျေးရွာဒေသခံများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ မကြီးကုန်းကြီးကျေးရွာ အပါအဝင် ကျေးရွာအုပ်စု(၁၀)အုပ်စုမှ ဒေသခံတောင်သူများကိုယ်စား ကျေးရွာရပ်မိရပ်ဖများက သက်ဆိုင်ရာကျေးရွာ၏ လိုအပ်ချက်များကို တင်ပြတောင်းဆိုခဲ့ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြောင်း၊ မကြီးကုန်းကြီးကျေးရွာ အုပ်စုအပါအဝင် ကျေးရွာအုပ်စု(၁၀)အုပ်စုရှိ ကျေးရွာများမှ ဒေသခံတောင်သူများ၊ မြို့သစ်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ အင်အား (၇၀ဝ)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(မြို့သစ်)


