ညောင်ရွှေ ၂၈ ဧပြီ
၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း စိစစ်ရွေးချယ်ခဲ့သည့် နဝမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူများကို အင်းလေးဒေသတွင် အပန်းဖြေစခန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
နဝမတန်း လူရည်ချွန် ကျောင်းသားကျောင်းသူ ၁၇၈ ဦးသည် အင်းလေး(ခေါင်တိုင်) လူရည်ချွန်စခန်းသို့ ဧပြီ ၂၉ ရက်တွင် ရောက်ရှိ၍ အပန်းဖြေမည်ဖြစ်သည်။ အပန်းဖြေစခန်းတွင် ဆွေးနွေးပွဲများ ကျင်းပခြင်း၊ လူရည်ချွန်ဟောင်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အင်းလေးကန်နှင့် ညောင်ရွှေမြို့အတွင်း လေ့လာရေးခရီးစဉ်များအဖြစ် ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ရွှေဗောဓိမြို့ဦးစေတီများသို့ သွားရောက်ဖူးမြော်ခြင်း၊ ရေခြံကျွန်းမျော စိုက်ပျိုးရေးလုပ်ငန်းများ၊ ငွေထည်နှင့် ရက်ကန်းလုပ်ငန်းများ၊ ညောင်ရွှေဟော်နန်း (ယဉ်ကျေးမှုပြတိုက်)တို့အား လေ့လာခြင်း၊ ထို့ပြင် ပင်းတယဒေသရှိ ရွှေဥမင်လိုဏ်ဂူ၊ ကုံလုံဆရာတော်စံကျောင်း၊ ရိုးရာထီးလုပ်ငန်းများ၊ တောင်ကြီးဒေသရှိ အေးသာယာစက်မှုဇုန်၊ မွေတော်ကက္ကူဘုရား၊ စူဠာမုနိဘုရား၊ မြို့မဈေး၊ ဟိုပုံးဒေသရှိ ထမ်စမ်းလိုဏ်ဂူတို့ကို သွားရောက်ဖူးမြော်၊ လေ့လာခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများကို ဉာဏ်ပညာထူးချွန် ထက်မြက်ရုံသာမက ကျန်းမာသန်စွမ်းပြီး စာရိတ္တကောင်းမွန်သည့် နိုင်ငံသားကောင်းများ၊ နိုင်ငံအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နိုင်သူများ၊ မှန်ကန်သော ယှဉ်ပြိုင်မှုနှင့် ဘက်စုံအရည်အသွေး ဖွံ့ဖြိုးတိုးတက်လာပြီး အများနှင့် စုပေါင်းနေထိုင် ဆောင်ရွက်တတ်သူများ၊ ကျောင်းသား ကျောင်းသူများ၏ စံနမူနာပြ လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။
(နေမျိုးသူရိန်)


