မန္တလေး ၂၈ ဧပြီ
ယခုရာသီတွင် ထွက်ရှိသည့် စိန်တလုံး သရက်သီးများ သင်္ကြန်မတိုင်မီ ပေါ်ဦးပေါ်ဖျားကာလ၌ အဖွင့်ဈေးကောင်းမွန်သည့်အပြင် လက်ရှိ လှိုင်လှိုင်ပေါ်စအချိန်၌လည်း ယမန်နှစ်ထက် ဈေးကောင်းရရှိနေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး)မှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။
ယခုနှစ်တွင် စိန်တလုံး သရက်များကို မူဆယ်ဈေးကွက်သို့ သင်္ကြန်မတိုင်မီကတည်းက တင်ပို့ရောင်းချနိုင်ပြီး တစ်ဖာလျှင် ယွမ် ၁၇၀ နှုန်းဖြင့် အဖွင့်ဈေးကောင်း ရရှိခဲ့သည့်အပြင် လှိုင်လှိုင်ပေါ်စအချိန်၌လည်း ယနေ့ပေါက်ဈေးအရ အိတ်စွတ်သီး တစ်ခြင်း (သို့မဟုတ်) တစ်ဖာလျှင် ယွမ် ၁၄၀ အထိ ဈေးကောင်းရနေကြောင်း သိရသည်။
“မနှစ်က သင်္ကြန်အပြီးမှ စပြီးတင်ပို့ရောင်းချနိုင်ခဲ့တယ်။ ဈေးကလည်း တစ်ဖာကို ယွမ် ၁၂၀ နဲ့ ၁၃၀ အထိပဲ ရခဲ့တဲ့အပြင် ယခုလို လှိုင်လှိုင်ပေါ်ချိန်မှာ ယွမ် ၁၀ဝ အောက်ကို ရောက်သွားခဲ့တယ်။ ဒီနှစ် သရက်ရာသီမှာတော့ အဖွင့်ဈေးရော၊ လှိုင်လှိုင်ပေါ်စ အချိန်မှာရော ဈေးကောင်းနေတဲ့အတွက် လှိုင်လှိုင်ပေါ်ချိန်ကာလမှာ တစ်ဖာကို ယွမ် ၁၀ဝ အထက် ဈေးနှုန်းနဲ့ ရောင်းချနိုင်လိမ့်မယ်လို့ ခန့်မှန်းရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မူဆယ်ဈေးကွက်သို့ နေ့စဉ် စိန်တလုံးသရက်တန်ချိန် ၃၀ မှ ၅၀ အတွင်း နေ့စဉ်နီးပါး တင်ပို့နေရပြီး လက်ရှိအချိန်တွင် လေပြင်းတိုက်ကာ မိုးသီးကြွေမှုကြောင့် သရက်သီးများ ကြွေကျမှုများပြားပြီး သရက်သီးအထွက်နှုန်းများ လျော့ကျနေကြောင်း သိရသည်။
“အထွက်နှုန်းနည်းတဲ့အတွက် ဈေးကောင်းရတာပေါ့။ ပြည်ပဈေးကွက်ဝင်တဲ့အသီးက စိန်တလုံး၊ ဟင်္သာနှင့် မြကျောက်၊ ရင်ကွဲ၊ မယ်သီ စသည်တို့ဖြစ်ပြီးတော့ အဓိကကတော့ တရုတ်ဈေးကွက်ကို တင်ပို့ရပြီး စင်ကာပူနဲ့ ရုရှားကိုလည်း သရက်သီး အနှစ်ကဲ့သို့ အခြားသရက်သီး ထွက်ကုန်အချို့ တင်ပို့နေပါတယ်။ လက်ရှိ တရုတ်နိုင်ငံက အရည်အသွေးကောင်းတဲ့ သရက်ကို ပိုကြိုက်တဲ့အတွက် တစ်နယ်နဲ့တစ်နယ် သရက်သီးစိုက် တောင်သူတွေအချင်းချင်း ထုတ်ပိုးမှုစနစ်နဲ့ အိတ်စွပ်တဲ့အရောင်ကအစ တူညီနိုင်အောင် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဈေးကွက်မှာလည်း ဈေးနှုန်းတစ်ညီတည်း ရရှိနိုင်ပါတယ်” ဟု ဦးကျော်စိုးနိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိစာရင်းကောက်ယူမှုအရ သရက်သီးအမျိုးအစား ၁၉၀ ကျော်ရှိပြီး သရက်သီးစိုက်ဧက အများဆုံး အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ရင်ကွဲသရက်မျိုးကို အများဆုံး စိုက်ပျိုးကြပြီး ဒုတိယအများဆုံးအဖြစ် ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် စိုက်ပျိုးကြကာ မန္တလေးတိုင်းဒေသကြီးတွင် စိန်တလုံးသရက်၏ မူရင်းဒေသအဖြစ် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စိန်တလုံးသရက်သီး ထွက်နှုန်းမှာ ၂၀၁၆-၂၀၁၇ ခုနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တို့တွင် တန်ချိန် ၇ သိန်းကျော် ထွက်ရှိတင်ပို့နိုင်ခဲ့ပြီး အခြားသရက်သီး ထွက်နှုန်းအနေဖြင့် ယခုနှစ်အတွက် အထွက်နှုန်းကို ခန့်မှန်း၍ မရနိုင်သေးကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


