အောင်လံ ၂၈ ဧပြီ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်သို့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကုန်းတော်၌် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့သည် ဧပြီ ၂၈ ရက် နံနက်ပိုင်းက ပြည်မြို့မှတစ်ဆင့် အောင်လံမြို့နယ်သို့ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဒေသစာရီကြွချီအပူဇော်ခံ ရောက်ရှိခဲ့သည်။
သီတဂူဇောတိကဆရာတော်နှင့် ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝတ်အသင်းသူများ၊ ဓမ္မစကူးကျောင်းသားကျောင်းသူများက ဖူးမြော်ကြည်ညိုကြပြီး ကြိုဆိုရေးယာဉ်တန်းများနှင့်အတူ ဆက်လက်ထွက်ခွာလာခဲ့သည်။
ကျီရပ်ကုန်းကျေးရွာနှင့် ပြလို့ကျေးရွာတို့ အရောက်တွင် ခေတ္တရပ်နားပြီး အပူဇော်ခံခဲ့ရာ ဒေသခံစေတနာရှင်များက ဗုဒ္ဓရုပ်ပွားတော်များနှင့် ရွှေထီးတော်တို့ကို ကြည်ညိုပူဇော်ကြပြီး အလှူငွေနှင့် လက်ဝတ်ရတနာများကို လှူဒါန်းကြသည်။
နံနက်(၁၁)နာရီတွင် အောင်လံမြို့သို့ ရောက်ရှိခဲ့ပြီး အ.ထ.က(၁)ကျောင်း ရွှေရတုခန်းမရှေ့၌ ဗုဒ္ဓရုပ်ပွားတော်များနှင့် ရွှေထီးတော်တို့အား ရပ်နားအပူဇော်ခံကာ မွန်းလွဲ (၁၂)နာရီတွင် ရွှေရတုခန်းမအတွင်း၌ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသော အလှူငွေနှင့် စိန်ရွှေလက်ဝတ်ရတနာများကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)


