မြန်အောင် ၂၈ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ယနေ့နံနက် ၁၀ နာရီက မြန်အောင်မြို့နယ် သခွတ်ကွင်းကျေးရွာအုပ်စု၊ သခွတ်ကွင်း ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါတွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်  ပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များဖြစ်သည့် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အကူအညီနှင့် နည်းပညာများပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး တိုးတက် မြင့်မားရေး စသည့်လုပ်ငန်းများအတွက် အစိုးရဌာနများ၊ လွှတ်တော်များက ပြည်သူလူထု၏ ဆန္ဒနှင့်အညီ မြို့နယ်များမှ တင်ပြလာသည့် စီမံကိန်းလုပ်ငန်းများအပေါ် ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်ပေးလျက်ရှိရာတွင် ပြည်သူတစ်ဦးချင်းကလည်း မိမိတို့တစ်ဦးချင်းစီ၏ မိသားစုဘဝ တိုးတက်ရေးမှ အစ တာဝန်သိစိတ်ကိုယ်စီဖြင့် ကြိုးစားဆောင်ရွက်ကြခြင်း၊  ဥပဒေစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ပြီး ကြိုးပမ်းဆောင်ရွက်ကြခြင်း၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ရေ၊ မီးအစရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတွင် ခေတ်ကာလနှင့် လျော်ညီသည့် အခွန်အကောက် များ ရရှိရေး၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးတို့ကို လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ၊ အစိုးရဌာနများက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု တို့ကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က လက်ရှိဆောင်ရွက်လျက်ရှိသော အခြေအနေများအား ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်း ဆွေးနွေးပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဒေသခံများဆွေးနွေးတင်ပြသည့် ဆရာဆရာမများ တိုးမြှင့်ခန့်ထားပေးရေး၊ ကျောင်းဆောင်သစ် ထပ်မံတိုးချဲ့ပေးရေး၊ ရေရရှိရေး၊ လမ်းတံတားများ တိုးတက်ကောင်းမွန်ရေးတို့ကို တင်ပြကြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ သခွတ်ကွင်းကျေးရွာအုပ်စုနှင့် ပတ်ဝန်ကျင်ကျေးရွာများမှ  ဒေသခံပြည်သူ ၅၀ဝ ခန့် ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ထွန်းဇော်ထွန်း (မြန်မာစာ)