ရန်ကုန် ၂၈ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြုစုစောင့်ရှောက်ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးဂေဟာများနှင့် ကလေးပြုစုရေးဌာနများရှိ လူငယ်များ၊ အမျိုးသမီးငယ်များနှင့် ကလေးငယ်များအား စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းရုံး၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် မုံရွာဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ၏ ပရိတ်တရားတော်များ နာယူပူဇော်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ အခမ်းအနားအပြီးတွင်ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ (၅၅) ကြိမ်မြောက်စုပေါင်း အလှူဖြစ်ပြီး ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်း(၁၁)ဦးအား ရဟန်းအဖြစ်လည်း ကောင်း၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ သန်လျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စမ်းလူ ငယ်သင်တန်းကျောင်းများမှ လူငယ်(၇၅)ဦးအား ရှင်သာမဏေအဖြစ်လည်းကောင်း၊ အမျိုးသမီးဂေဟာများမှ အမျိုးသမီးငယ်(၃၀)ဦးအား သီလရှင်အဖြစ်လည်းကောင်း သာသနာ့အမွေ ခံယူစေခဲ့ပါသည်။
အလားတူမွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လူငယ်သင်တန်းကျောင်းနှင့် ကလေးပြုစုရေးကျောင်းများမှ လူငယ် (၇၇)ဦးအား သာသနာ့အမွေ ခံယူစေခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


