နေပြည်တော် ၂၈ ဧပြီ  

 

ရန်ကုန် နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေး စီမံကိန်းမြေနေရာ၌ ကျင်းပသည်။

 

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ နှလုံး၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆေးပညာရပ်အပါအဝင် ကုသရေး ကဏ္ဍကြီးတစ်ခုလုံး ပိုမိုတိုးတက်ကောင်းမွန်စေမည့် အထူးကုဆေးရုံသစ်ကြီး ပြီးစီးပါက လူနာများ အနေဖြင့် သက်တောင့်သက်သာဖြင့် ပိုမိုကျယ်ဝန်း သန့်ရှင်းသပ်ရပ်သော ဆေးရုံကြီးတွင် ကုသမှုခံယူနိုင်ခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးသူ ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြုပညာရှင်များ အားလုံးသည်လည်း ကောင်းမွန်ခေတ်မီသော ဆေးရုံသစ်ကြီးတွင် ဆေးပစ္စည်းကိရိယာစုံလင်စွာဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း၊ ဘွဲ့ကြိုနှင့် ဘွဲ့လွန် ဆေးနှင့်ဆေးနှီးနွှယ်ပညာ သင်ကြားသင်ယူမှု လုပ်ငန်းများပါ ဆောင်ရွက်နိုင်ခြင်း စသည်ဖြင့် များစွာသော အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း။

 

ဆေးရုံသစ်ကြီး တည်ဆောက်လည်ပတ်ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရကဂျပန် ယန်းငွေ (၈ ဒသမ ၆) ဘီလီယံခန့်အား ထောက်ပံ့ကူညီမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ မြန်မာကျပ်ငွေ (၄၂)ဘီလီယံခန့် ကျခံသုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

ဂျပန်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံတို့အကြား ကျန်းမာရေးကဏ္ဍတွင် ကာလတာရှည် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုများစွာရှိခဲ့ပြီး လားရှိုး၊ လွိုင်ကော်၊ မကွေးနှင့် ထားဝယ် ဆေးရုံကြီးများကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးကု ဆေးရုံသစ်ကြီးပြီးစီးပြီးနောက် နှလုံးရောဂါဆေးပညာ၊ နှလုံးခွဲစိတ်ကုသမှုပညာ၊ ဦးနှောက် နှင့်အာရုံကြော ဆေးကုသမှုပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် ကုသမှုပညာဌာနများဖြင့် ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်ကာ ဆေးနှင့် ဆေးနှီးနွှယ်သင်ကြား သင်ယူမှုများ ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး တွင် အများပြည်သူ အကျိုးအတွက် အရည်အသွေးကောင်းမွန်ပြီး ပစ္စည်းကိရိယာ ပြည့်စုံသည့် အထူးကုဆေးရုံကြီး ပေါ်ထွန်းလာမည် ဖြစ်သဖြင့် ဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခု အထူးကုဆေးရုံသစ်ကြီးသည် လွန်ခဲ့သော နှစ် (၄၀)ခန့်က JICA မှဆောက်လုပ်လှူဒါန်းခဲ့သော ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးကဲ့သို့ ရန်ကုန်မြို့၏ အချက်အချာကျသော နေရာတွင် တည်ရှိသဖြင့် လူနာလွှဲပြောင်းပေးပို့ရာတွင်လည်း အဆင်ပြေကာမြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏သိသာထင်ရှားသော လက္ခဏာတစ်ရပ် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး၊ H.E Mr. Ichiro Maruyama က  ဂျပန်နိုင်ငံ ဝန်ကြီးချုပ် H.E Mr. Shinzo Abe ကိုယ်တိုင် ကတိပြုခဲ့သည့် ယခုအထူးကု ဆေးရုံသစ်ကြီး တည်ဆောက်ရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အတွက် ဝမ်းမြောက်ပါကြောင်း၊ JICA အဖွဲ့မှ ဆောက်လုပ်ပေးခဲ့သော ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး ဘက်စုံအဆင့်မြင့်တင်ရေးလုပ်ငန်းများကိုလည်း အလေးအနက်ထား စဉ်းစားသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု သင်္ကတေဖြစ်သော အထူးကုဆေးရုံသစ်ကြီး အကောင်းဆုံးတည်ဆောက် လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုး စားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် JICA Myanmar Office မှ Chief Representative ဖြစ်သူ Mr. Masayuki Karasawa က ယခု အထူးကုဆေးရုံသစ်ကြီးတည်ဆောက်ရေး စီမံကိန်းသည် နှလုံး၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ပိုမိုမြှင့်တင် ရန်နှင့် အဆင့်မြင့်နည်းပညာများ အသုံးပြု၍ ခွဲစိတ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ JICA အဖွဲ့မှ တာဝန်ရှိသူများက မင်္ဂလာပန္နက်တော်များ တင်ပေးကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ငှက်ဖျားရောဂါဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေးပူးပေါင်းဆောင်ရွက်မှုဌာနနှင့် သူနာပြုနှင့် သားဖွားဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေးပူးပေါင်းဆောင်ရွက်မှုဌာနတို့ ပိုမိုတိုးတက်ဖွံ့ဖြိုးရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်း ထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူ ဒေါက်တာကေသွယ်ဟန်တို့ကဆေးသုတေသန ဦးစီးဌာနရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ငှက်ဖျားရောဂါဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်မှုဌာနနှင့် ပတ်သက်၍လည်းကောင်း၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမြတ်သန္တာက သူနာပြု တက္ကသိုလ် (ရန်ကုန်) ရှိ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ အသိအမှတ်ပြု သူနာပြုနှင့်သားဖွားဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေးပူးပေါင်း ဆောင်ရွက်မှုဌာနနှင့် ပတ်သက်၍လည်းကောင်း၊ ဆေးသုနေသဦးစီးဌာန၊ ညွန်ကြားရေးမှူး ဒေါက်တာမို့မို့ထွန်းက မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)

 

DSC_284